စုဒ္ဒသမ ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီး ဘဒ္ဒန္တအဂ္ဃိယ၏ အန္တိမဈာပနပြုလုပ်ပြီး အရိုးပြာအိုးကို ဧရာဝတီ မြစ်အတွင်းရေမျှောပူဇော်မည်

ဘဝ နတ်ထံပျံလွန်တော်မူသွားသော စုဒ္ဒ သမရွှေကျင်သာသနာပိုင် ဝါဆိုဆရာ တော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု၊ အ ဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တအဂ္ဃိယ၏ အန္တိမဈာပနအခမ်းအနားကို ကျင်းပရန် ရွှေမန်းတောင် အားကစားကွင်း၌ ပြင်ဆင်နေပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အန္တိမဈာပနကျင်းပရေး ကော်မတီ တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရနှင့် ဆရာတော်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးမြို့တော်ဝန် ဦးရဲလွင်နှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၁၅ ရက် နံနက်ကရွှေကျင် သာသနာပိုင် ဝါဆို ဆရာတော်ကြီး၏ အန္တိမဈာပနပြုလုပ်မည့် ရွှေမန်းတောင်အားကစား ကွင်း၌ပြင်ဆင်နေမှုအား လာရောက် ကြည့်ရှုခဲ့ကြသည်။

ယခုအခါ အန္တိမဈာပန အခမ်းအနားပြုလုပ်မည့် ရွှေမန်းတောင် အားကစားကွင်းအတွင်းတွင် မြက်ခင်းများ ပြုပြင်ခြင်း၊ မြေညှိခြင်း၊ လမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ဝါဆိုဆရာတော်ကြီး၏ ရုပ်ကလာပ်အား ဖေဖော်ဝါရီ ၁၈ ရက် (တပို့တွဲလပြည့်ကျော် ၇ ရက်) မွန်းတည့် ၁၂ နာရီတွင် ဒေါင်းယာဉ်ပျံဖြင့်ပင့်ဆောင်ကာ မန္တလေမြို့ အောင်မြေသာစံမြို့နယ် မန္တလေးတောင်အနီးရှိ ရွှေမန်းတောင် အားကစားကွင်း၌ မီးသင်္ဂြိုဟ်ပြီး ဖေဖော်ဝါရီ ၁၉ ရက်တွင် ဆရာတော်ကြီး၏ အရိုးပြာအိုးအား ဧရာဝတီမြစ်အတွင်း ရေမျှောပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

AXE
Democracytoday