ရုပ်လုံးပေါ်လာတဲ့ အက်ပ်ပဲလ်ရဲ့ ဌာနချုပ်သစ်

အက်ပ်ပဲလ်ရဲ့ အမှုဆောင်ချုပ်ဟောင်း စတိဗ်ဂျော့ဟာ ၎င်းမကွယ်လွန်မီ လပိုင်းအလို ၂၀၁၁ မှာ ကုမ္ပဏီရဲ့ အရေး အပါဆုံး အနာဂတ်စီမံကိန်းတစ်ရပ်ကို ကြေညာခဲ့ပါတယ်။ အဲဒါကတော့ ကယ်လီဖိုးနီးယားမှာ ကုမ္ပဏီရဲ့ ဌာနချုပ် အသစ်တည် ဆောက်မယ့်ကိစ္စပါ။ ဂျော့ထုတ်ပြလိုက်တဲ့ အဆောက်အအုံဒီဇိုင်းတွေက စိတ်ကူးယဉ် သိပ္ပံဇာတ်ကားတွေထဲက အာကာသ ယာဉ်ကြီးနဲ့ တူနေပြီး အသေးစိတ်ဖန်တီးမှုတွေကလည်း ယုံဖို့ခက်လောက်အောင် ပြည့်စုံကောင်းမွန်နေတဲ့အတွက် ယုတ္တိမတန် ဘူးလို့ ဝေဖန်မှုတွေခံခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့ ဒီဧရာမ ဌာနချုပ်သစ်ကြီးဟာ လုပ်ငန်းစတင်လည်ပတ်ဖို့ နောက်ဆုံး အဆင့်ထိ နီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။

 

ဂျော့ကွယ်လွန်သွားချိန်မှာ အက်ပ်ပဲလ်ကဒေါ်လာ ၅ ဘီလီယံလောက် တန်ဖိုးရှိတဲ့ အဆောက်အအုံ စီမံကိန်းကို ဆက်ပြီး အကောင်အထည်ဖော်ခဲ့တယ်။ လက်တွေ့တည်ဆောက်ချိန်မှာ ဒီဇိုင်းပိုင်းနဲ့ အင်ဂျင်နီယာ အတတ်ပညာပိုင်းစိန်ခေါ်မှုတွေ အမြောက်အမြားကို လည်း ကြုံတွေ့ခဲ့ရပါတယ်။

အခုတော့ ကယ်လီဖိုးနီးယားပြည်နယ် ကူပါတီနိုအရပ်မှာ တည်ဆောက်ထားတဲ့ အက်ပ်ပဲလ်ဌာနချုပ် အဆောက်အအုံသစ် ဟာ ပြီးစီးလုနီးပါးဖြစ်နေပါပြီ။ နွေရာသီလောက်မှာ လုပ်ငန်းစတင် လည်ပတ်နိုင်မယ်လို့ ယုံကြည်ရတယ်။ ဂျော့ရဲ့ နောက်ဆုံး လက်ကျန် အမွေလို့ ပြောရမယ့် ဒီအဆောက်အအုံကြီးဟာ အက်ပ်ပဲလ်ရဲ့ ဝန်ထမ်းတွေကို အလုပ်ခွင်မှာ လိုလေသေးမရှိ ဖြည့်ဆည်းနိုင်ဖို့ ဘက်ပေါင်းစုံက စဉ်းစားထားတယ်လို့ ဆိုရပါမယ်။ စိမ်းစိုတဲ့ သဘာဝပတ်ဝန်းကျင်မျိုးနဲ့ မျက်စိပသာဒ ဖြစ်စရာ ဖန်တီးနိုင်ဖို့အတွက် သစ်ပင်ပေါင်း ထောင်ဂဏန်းလောက်ကို ယူဆောင်လာပြီး စိုက်ပျိုးခဲ့ပါ တယ်။ ဝန်ထမ်းတွေရဲ့ ကားတွေထားရှိဖို့ မြေအောက်ကားပါကင်တွေကို ဖန်တီးထားတယ်။ ပင်မအဆောက်အအုံရဲ့ ပတ်ဝန်းကျင် မှာ သာယာလှပတဲ့ ဥယျာဉ်မြေ ရှုခင်းတွေကိုချည်း ရှိနေစေဖို့ ရည်ရွယ်ထားတာပါ။

သတင်းတွေရဲ့ အဆိုအရ ပင်မ အဆောက်အအုံကြီးရဲ့ အတွင်းပိုင်း အပြင်အဆင်အတွက်တင် ဒေါ်လာ တစ်ဘီလီယံ လောက် အက်ပ်ပဲလ်က အကုန် အကျခံထားတယ်လို့ ဆိုတယ်။ အက်ပ်ပဲလ်ဟာ ဌာနချုပ် ပရိဝုဏ် ကို သမားရိုးကျ ရုံးခန်း နေရာတွေ နဲ့ လုံးဝကွာခြားပြီး ထူးကဲလှတဲ့ ဥယျာဉ်ဗိမာန်တစ်ခုလို တည်ဆောက်ဖို့ ရည်ရွယ်ထားတာ ဖြစ်နိုင်တယ်လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ အလှဆင်ဗိသုကာ နဲ့ သဘာဝပတ်ဝန်းကျင် စီမံ ကိန်းဌာန ပါမောက္ခ လူးဝစ်မိုဇင် ဂိုက ချီးကျူးခဲ့ပါတယ်။

အက်ပ်ပဲလ်က ဒီလို ခမ်းနားထူးကဲလှတဲ့ အဆောက်အအုံ တစ်ခုကို တည်ဆောက်ပြလိုက်တာဟာ သူတို့ရဲ့ ကမ္ဘာလုံး ဆိုင်ရာ တွင်ကျယ်ပျံ့နှံ့မှုနဲ့ အမှတ်တံဆိပ် ဂုဏ်ရည်ကို ထုတ်ပြလိုက်တဲ့ မဟာဗျူဟာ တစ်ရပ်လို့လည်း မိုဇင်ဂိုက ချီးကျူးတယ်။ အက်ပ် ပဲလ်ဘက်ကတော့ ဒီကိစ္စကို မှတ် ချက်မပေးပါဘူး။

နည်းပညာ ကုမ္ပဏီကြီးတွေ မှာ သစ်ပင်ပန်းမန် ဝေဝေဆာဆာ နဲ့ ဥယျာဉ်ဧရိယာတွေ ထည့်သွင်း တည်ဆောက်လေ့ ရှိပေမယ့် Campus 2 လို့ နာမည်ပေးထား တဲ့ အက်ပ်ပဲလ်ဌာနချုပ်သစ် နေရာကတော့ လုံးဝဥဿုံ ကွဲပြားမှုတွေ ရှိပါတယ်။ ဒီဌာနချုပ်မှာ ဝန်ထမ်းပေါင်း ၁၄,၂၀၀ လောက် သက်သောင့် သက်သာ အလုပ်လုပ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ # 7 Day Daily