လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည်ဟု အစီရင်ခံစာဖော်ပြချက်အပေါ် တပ်မတော်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) မှ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟု ဖော်ပြထားသော အစီရင်ခံစာနှင့်ပတ်သက်ပြီး တပ်မတော်မှ  စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၁၆ခုနှစ်၊ အောက်တိုဘာ ၉ ရက်တွင် ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲစခန်း ၃ ခု တိုက်ခိုက်ခံရမှုအပြီး တပ်မတော်မှ နယ်မြေရှင်းလင်းခြင်းလုပ်ဆောင်ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်မှု သည် လူ့အခွင့် အရေး ချိုးဖောက်မှု အပါအဝင် ဥပဒေနှင့်မညီသော ဖြစ်စဉ်ဖြစ်ရပ်များ ရှိ၊ မရှိ စုံစမ်းစစ်ဆေး သွားမည်ဟု ဖော်ပြ ပါရှိသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောဒေသတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘင်္ဂါလီများအား ရိုက်နှက် သတ်ဖြတ် ခြင်းများ အပါအဝင် အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုများ၊ အစဖျောက်မှုများနှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ခဲ့ကြောင်း ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရုံးမှ ဇန်နဝါရီလ ၃ ရက်နေ့တွင် အစီခံစာတွင် ဖော်ပြထားသည်။

ထိုကဲ့သို့ ဖောက်ဖျက်ကျူးလွန်မှုများရှိပါက မည်သူ့ကိုမဆို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်သည်ဟု တပ်မတော်မှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း(တပ်မတော်စစ်ဆေးရေးအရာရှိချုပ်)၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးချုပ် ခွန်သန့်ဇော်ထူး (တွဲဖက်စစ်ရေးချုပ်၊  စစ်ရေးချုပ်ရုံး)၊ ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး (ကျောင်းအုပ်ကြီး၊ အမှတ်(၉) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း)၊ ဗိုလ်မှူးလှမျိုးကျော် (ဒုတိယလက်ထောက် စစ်ဥပဒေချုပ်၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်)၊ အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းအောင် (လက်ထောက်စစ် ဥပဒေချုပ်၊ စစ်ဥပဒေချုပ်ရုံး) တို့ ပါဝင်သည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ  ဖေဖော်ဝါရီလ ၈ ရက်တွင် အစီရင်ခံစာနှင့်ပတ်သက်ပြီး ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ယင်းစွပ်စွဲ ချက်များကို စစ်ဆေးလျက်ရှိပြီး လုံခြုံ ရေးတပ်ဖွဲ့များကို လူ့အခွင့်အရေးနှင့် ညီညွတ်စွာ ဆောင်ရွက်ရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်ကြောင်း ခိုင်လုံသော အထာက်အထားများ တွေ့ရှိ ပါက ဖောက်ဖျက်ကျူးလွန်သည့် မည်သူကိုမဆို အစိုးရက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ဒုသမ္မတဦးမြင့်ဆွေခေါင်းဆောင်သော ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ လ ၉ ရက်နေ့နှင့် နိုဝင်ဘာလ ၁၂၊ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ မောင်တော အကြမ်းဖက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းထားသည့် ကော်မရှင်ဖြစ်သည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ရခိုင် ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်ရဲစခန်းသုံးခုကို နိုင်ငံရပ်ခြားမှ ရန်ပုံ ငွေပံ့ပိုး လှုံဆော်ပေးထားသော အကြမ်းဖက်အင်အားစုများက အင်အားသုံး အလစ်အငိုက် ဝင်ရောက်တိုက်ခိုက် ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦး အသက်ဆုံးရှုံးခဲ့ရကာ လက်နက် ၆၅ လက်နှင့်ခဲယမ်းများ ယူဆောင်သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

# Mizzima