နိုင်ငံတော်လုံခြုံရေးအမြင်

နိုင်ငံတော်လုံခြုံရေးအမြင်နှင့်ပတ်သက်၍ ဝံသာနုဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်နန်းရွှေကြာ ကို ပြည်ထောင်စုနေ့စဉ်သတင်းစာမှ မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။

“အခုက နိုင်ငံတော်လုံခြုံရေးနဲ့ပတ်သက်ပြီး အရမ်းကိုအရေးကြီးနေပြီလို့ ကျွန်မကမြင်တယ်။ လုံခြုံမှုမရှိတဲ့ အပိုင်းလို့ မြင်တယ်။ ဥပဒေကိုလည်း လေးစားလိုက်နာမှုအပိုင်းတွေ အားနည်းနေတယ်လို့မြင်တယ်။ ဖြစ်ချင်သလိုဖြစ်၊ လုပ်ချင် သလိုလုပ်ပြီးတော့ ခံရတဲ့ပြည်သူ လူထုကနစ်နာတယ်။ နောက်အမှုမှန်ပေါ် ပေါက်ဖို့တွေ နှောင့်နှေးတယ်။ ဘာလို့လဲ ဆိုတော့ ပြည်သူလူထုအတွက် လုံခြုံမှု၊ ကာကွယ်မှုကလျော့နည်းနေတယ်။ လေဆိပ်မှာဖြစ်တဲ့ကိစ္စတစ်ခုမှာ ဘာပြော ပြော လုံခြုံရေးအားနည်းလို့သာလျှင် ဘယ်ကိစ္စမဆို လွယ်လွယ်ကူကူနဲ့ကျူး လွန်တယ်လို့ထင်တယ်။ ကာ/လုံ အစည်း အဝေးခေါ်ဖို့ကိုလည်း လိုအပ်လို့ပါတီတွေ စုပေါင်းဆောင်ရွက်တဲ့အခါ ပါဝင်ခဲ့တာပေါ့။ တကယ်လည်း လိုအပ်တယ်။ ကျွန်မတို့တွေ တိုက်တွန်းထားတယ်။ ကြေညာချက်ထုတ်ပြီးတော့ တိုက်တွန်းထားတယ်။ နားမလည်တာက ဘာကိစ္စ ကာ/လုံအစည်းအဝေးခေါ်ဖို့ကို ခက်ခဲနေတာလဲလို့ စဉ်းစားလို့မရဘူး။ ယခင်အစိုးရလက်ထက်မှာ ကာ/လုံ အစည်း အဝေးကို တစ်ပတ်တစ်ကြိမ်ခေါ်တယ်။ နှစ်ပတ်တစ်ကြိမ်လည်းခေါ်တယ်။ အစည်းအဝေးခေါ်ပြီး လုပ်ကိုင်ဆောင်ရွက် နေတာတွေကိုလည်း သိတယ်။ အခုအစိုးရ လက်ထက်မှာ ဘာကြောင့် ကာ/လုံ အစည်းအဝေးခေါ်ဖို့ ခက်နေတာလဲ ဆိုတာ ကျွန်မတို့အနေနဲ့ တော်တော်လေးကို အံ့သြတယ်။ ပြည်ခိုင်ဖြိုးက ဦးဆောင်ပြီးလုပ်ခဲ့တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကိုလည်း လှိုက်လှိုက်လှဲလှဲ ထောက်ခံတယ်။ လိုလည်းလိုအပ်တယ်။ ရခိုင်ကိစ္စမှာလည်း လိုအပ်တယ်။ နယ်စပ်မှာဆိုလည်း တိုက်ပွဲတွေဖြစ်နေတာ။ လေဆိပ်မှာလည်း ဖြစ်သွားပြီ။ အဲ့ဒီ အတွက်ကို အမျိုးသားရေးစိတ်ဓာတ်အပြည့်နဲ့ကိုတိုက် တွန်းတာ။ အန်တီတို့ပါတီတွေ ဒီလိုဆောင်ရွက်တာကို NLD ပါတီဝင်တစ်ဦးက တော်တော်လေး ဝေဖန်ထားတာ တွေ့ရတယ်။ အန်တီတို့ကတော့ ဆက်လုပ်ဦးမှာပါ။ အန်တီတို့က ကိုယ့်ပါတီအတွက် မဟုတ်ဘူး။ တစ်နိုင်ငံလုံးအတွက်နဲ့ ကိုယ့်အမျိုးသားရေးအတွက်ကို ဆက်လက်ပြီးတော့ တိုက်တွန်း သွားဦးမှာပါ။ ရခိုင်မှာဖြစ်ခဲ့တာကလည်း အကြမ်းဖက်ခံရတာ။ ဒီလိုဖြစ်စဉ်မျိုးက အရင်အစိုးရလက်ထက်မှာ အဲ့ဒီ လောက်ထိမဖြစ်ဘူး။ ရခိုင်အရေး ကိစ္စမှာ သမ္မတဦးသိန်းစိန်တုန်းက ပြတ်ပြတ်သားသား ပြောဆိုခဲ့တာကိုလည်း သိပြီးသားလေ။ အားလုံးလည်း သိပြီးသား။ အခုပြတ်သားမှုမရှိဘူး။ လူမျိုးရေးကိစ္စကို လူ့အခွင့်အရေးနဲ့ တိုင်းတာနေတဲ့ အခါကျတော့ ကိုယ့်ရဲ့ ပြည်တွင်းရေး၊ ကိုယ့်ရဲ့အမျိုးသားရေး၊ ကိုယ့်ရဲ့ လူမျိုးအရေးတစ်ခုကို လူ့အခွင့်အရေးနဲ့ တိုင်း တာပြီး လုပ်တဲ့အခါမှာ ကိုယ့်ရဲ့အမျိုးသားရေး နစ်နာတာတော့ လုံးဝလက်မခံဘူး။ အမျိုးသားရေးနဲ့ပတ်သက်လာရင် ရခိုင်တစ်ခု တည်းတင် မဟုတ်ပါဘူး။ ဘယ်တိုင်း ရင်းသားဒေသမှာပဲဖြစ်ဖြစ် အကြမ်းဖက်လုပ်ရပ်မျိုးကို ဆန့်ကျင်ရှုတ်ချ သွားမှာ။ အန်တီတို့ပါတီအနေနဲ့ ရပ်တည်နေတယ်ဆိုတာလည်း အမျိုးသားရေးအတွက် ပြောချင်ဆိုချင်လို့ ရပ်တည် နေတာလေ။ အဲ့ဒါကို NLD တာဝန်ရှိပုဂ္ဂိုလ်တစ် ယောက်ကဆိုရင် နိုင်ငံရေး ကွက်ပျောက်သမားတွေ၊ ပါတီတွေလို့ ပြောတယ်။ အန်တီတို့ကတော့ ဒီလိုမခံယူဘူး။ ကောင်းမွန်တဲ့အစိုးရမဖြစ်သမျှ နိုင်ငံရေးသမားဆိုတာ ရှိနေဦးမယ်ဆိုတဲ့ ခံယူချက်နဲ့ ဆက်လုပ်သွားဦးမယ်။

# နေထက်ဝေ