နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ကြိုးပမ်းသွားရေး (သုတ ရသ ဆောင်းပါး)

 

လွန်ခဲ့တဲ့နှစ် ဇူလိုင်လအတွင်းက ကမ္ဘာ့နိုင်ငံပေါင်း ၁၆၃ နိုင်ငံ ပါဝင်သော ၂ဝ၁၆ ခုနှစ် ကမ္ဘာ့ ငြိမ်းချမ်းရေးညွှန်းကိန်းကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ ကမ္ဘာကြီးဟာ လွန်ခဲ့သောနှစ်များက ထက် တည်ငြိမ်အေးချမ်းမှု လျော့နည်း လျက်ရှိပြီး မညီမျှမှုများပိုမိုများပြားလျက် ရှိတယ်လို့ ဆိုပါတယ်။ တည်ငြိမ်အေး ချမ်းမှုရှိတဲ့နိုင်ငံများကလည်း ပိုမိုတည် ငြိမ်အေးချမ်းနေမယ်ဖြစ်သလို တည်ငြိမ် အေးချမ်းမှုမရှိတဲ့ နိုင်ငံများကလည်း အကြမ်းဖက်မှုများ၊ တိုက်ခိုက်မှုများ ပိုမို ဖြစ်ပွားလာဖွယ်ရှိတယ်လို့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။ ကမ္ဘာတစ်ဝန်း ဖြစ်ပွားတဲ့ပဋိပက္ခတွေကြောင့် လူသေဆုံး မှုနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုများဟာ ဒုတိယကမ္ဘာစစ်ကြီးအပြီး နောက်ပိုင်း အဆိုးဆုံးအခြေအနေဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ကမ္ဘာ့တည်ငြိမ်အေးချမ်းမှုအရှိဆုံး ထိပ်ဆုံး ၁ဝ နိုင်ငံမှာ (၁) အိုင်ယာလန်၊ (၂)ဒိန်းမတ်၊ (၃) သြစတြီးယား၊ (၄) နယူးဇီလန်၊ (၅) ပေါ်တူဂီ၊ (၆)ချက် သမ္မတနိုင်ငံ၊ (၇)ဆွစ်ဇာလန်၊ (၈) ကနေဒါ၊ (၉) ဂျပန်နဲ့ (၁ဝ)ဆလိုဗေးနီး ယားနိုင်ငံတို့ဖြစ်ကြတယ်။ တည်ငြိမ်အေး ချမ်းမှုမရှိဆုံး နောက်ဆုံး(၁ဝ)နိုင်ငံမှာ (၁) ဆီးရီးယား၊ (၂) တောင်ဆူဒန်၊ (၃) အီရတ်၊ (၄) အာဖဂန်နစ္စတန်၊ (၅) ဆိုမာ လီယာ၊ (၆) ယီမင်၊ (၇) ဗဟိုအာဖရိက သမ္မတနိုင်ငံ၊ (၈) ယူကရိန်း၊ (၉) ဆူဒန်နဲ့ (၁ဝ) လစ်ဗျားနိုင်ငံတို့ဖြစ်တယ်။

ငြိမ်းချမ်းရေးကိုတိုင်းတာတဲ့ ညွှန်း ကိန်း ၂၃ ခုရှိပြီး ငြိမ်းချမ်းရေးလို့ဆိုရာ တွင် စစ်ပွဲများဖြစ်ပွားခြင်း၊ မဖြစ်ပွား ခြင်းတစ်ခုတည်းကိုကြည့်ပြီး ဆုံးဖြတ် ခြင်းမဟုတ်ဘဲ အကြမ်းဖက်မှု ရှိ၊ မရှိ၊ လုံခြုံရေးဘေးကင်းရေးကောင်းမကောင်း နဲ့ လူသတ်မှု ဘယ်လောက်ဖြစ်ပွားသလဲ၊ နိုင်ငံရေးအကြမ်းဖက်မှု ဘယ်လောက်ရှိ သလဲ၊ပြည်တွင်းခြိမ်းခြောက်မှု၊ ပြည်ပရန် ခြိမ်းခြောက်မှု စတဲ့အချက်တွေနဲ့ လေ့လာ အကဲဖြတ်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံဟာ ၂ဝ၁၅ ခုနှစ်တွင် အဆင့် ၁၃ဝ ရှိပြီး ၂ဝ၁၆ ခုနှစ်တွင် ၁၅ ဆင့် မြင့်တက်လာခြင်းဟာ မြန်မာနိုင်ငံရေး စနစ်တည်ငြိမ်အေးချမ်းမှု တိုးတက်လာလို့ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ဒီအချက် ကတော့ ပကတိအခြေအနေမှန်နဲ့ လွဲမှား နေပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံရဲ့နိုင်ငံ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ ယခင်နှစ်များကထက် ဆိုးရွားတဲ့အခြေ အနေများ ကြုံလာနေပါတယ်။ ဒါကြောင့် နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုး ရေးကို အထူးတလည်ကြိုးပမ်းသွားရ မယ့် အချိန်အခါ ဖြစ်ပါတယ်။

(၁) နိုင်ငံတော်လုံခြုံရေး

နိုင်ငံတော်လုံခြုံရေးဟာ တစ်မျိုးသား လုံးရဲ့အသက်ပမာအရေးကြီးလှပါတယ်။ နိုင်ငံတော်လုံခြုံရေးကင်းမဲ့လာတဲ့နိုင်ငံများ တွင်ပြည်သူတွေဟာ အမိမဲ့သား ရေနည်း ငါးပမာ ဒုက္ခကြီးစွာကြုံရလေ့ရှိပါတယ်။ နိုင်ငံတော်လုံခြုံရေးကို ပျက်ပြားစေတဲ့ အကြောင်းရင်းများကို ဆန်းစစ်ကြည့် မယ်ဆိုရင် ယေဘုယျအားဖြင့်-

(က) တိုင်းရင်းသားစည်းလုံး ညီ ညွတ်ရေးပြိုကွဲခြင်းနဲ့ ပြည် တွင်းစစ်ဖြစ်ခြင်း။

(ခ) ပြည်ပက သွေးထိုးသပ်လျှို ဖြိုခွဲခံရခြင်း။

(ဂ) ဒေသအတွင်းစစ်ပွဲများနဲ့ အိမ်နီး နားချင်းနိုင်ငံတို့ရဲ့စစ်ပွဲမှ ရိုက် ခတ်လာခြင်း။

(ဃ) ပြည်ပနိုင်ငံများက စစ်ရေးအရ ခြိမ်းခြောက်လာခြင်းနဲ့ စစ်အင် အားသုံးကျူးကျော်ခြင်း။

(င) အင်အားကြီးနိုင်ငံတို့ရဲ့ မဟာ ဗျူဟာ၊ နည်းဗျူဟာပြိုင်ပွဲ ကြားတွင် ကျူးကျော်ထိပါး ခံရခြင်း။

(စ) နိုင်ငံတော်လုံခြုံရေးကို ကာ ကွယ်သွားရန် ခေတ်မီအင်အား တောင့်တင်းသော အမျိုးသား တပ်မတော်မရှိခြင်းတို့ကို တွေ့ ရပါတယ်။
ဒီကနေ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂ဝ၁ တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရသော်လည်းကောင်း၊ ဥပဒေ တစ်ရပ်ရပ်အရသော်လည်းကောင်း ပေး အပ်လာသောတာဝန်များကို ထမ်းဆောင် နိုင်ရန် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို သက်ဆိုင်ရာပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်လို့ ဖော်ပြတဲ့အတွက် နိုင်ငံ တော်လုံခြုံရေးကို ကာကွယ်သွားရန် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီတွင် တာဝန်ရှိတယ်လို့ ဆိုနိုင်ပါ တယ်။

ဒါကြောင့် နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းမသွားနိုင်တဲ့နိုင်ငံ တွေဟာ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာဆုံးပါးရလေ့ရှိပါတယ်။ ဒီကနေ့ လို ဒီမိုကရေစီနိုင်ငံထူထောင်လာခဲ့တဲ့ မြန်မာနိုင်ငံတွင် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ (၂၁)ရာစုပင်လုံ ခေါ်ယူ ကျင်းပနေချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နယ်ခြား စောင့်ရဲစခန်းများကို အကြမ်းဖက်ဝင် ရောက်တိုက်ခိုက်ခဲ့မှု၊ ရဲတပ်ဖွဲ့ဝင်တချို့ ကျဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းယူ သွားခဲ့မှုဟာ နိုင်ငံတော်လုံခြုံရေးကို ထိ ပါးလာမှုဖြစ်ပါတယ်။ အဲဒီလို ပြည်ပက ကြိုးကိုင်မှုနဲ့ နောက်ဆက်တွဲအကြမ်းဖက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေတဲ့ အတွက် တပ်မတော်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့ ဝင်များ အသက်ပေးကာကွယ်နေရဆဲဖြစ် ပါတယ်။ အခုလို နိုင်ငံတော်လုံခြုံရေး ကို ကာကွယ်နေမှုများအပေါ် သတင်းမှား များထုတ်လွှင့်ဖန်တီးပြီး မြန်မာပြည်တွင်း ရေးကို နိုင်ငံတကာအရေးဖြစ်အောင် လည်း ကြိုးပမ်းနေကြပါတယ်။ အိမ်နီး ချင်းနိုင်ငံအချို့နဲ့သာမက အာဆီယံနိုင်ငံ အချို့နဲ့ပါ ပြဿနာဖန်တီးလှုံ့ဆော်မှုတွေ လည်းရှိလာတယ်။ ကုလသမဂ္ဂနဲ့ အို အိုင်စီအဖွဲ့ဝင်နိုင်ငံများရဲ့ ဖိအားပေးမှု၊ ဝင် ရောက်စွက်ဖက်မှုများလည်း ကြုံလာနေရ ပါတယ်။

မြန်မာပြည်တွင်းရေးဟာ အီရတ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေကို အမေရိကန်နဲ့ အပေါင်းပါတပ်များ စစ်အင်အားသုံး ဝင် ရောက်ကျူးကျော်တိုက်ခိုက်တဲ့အတွက် အပြစ်မဲ့အရပ်သား ရာချီထောင်ချီသေဆုံး မှုကိစ္စမျိုးလည်း မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရ ငါးနှစ်သက်တမ်းမှာ ရခိုင်ပြည်နယ် မောင်တောခရိုင်အရေးကို ပြည်တွင်းရေး အဖြစ်သာ ရပ်တည်ဖြေရှင်းလာခဲ့ပါ တယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့အရှေ့ မြောက်ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်များတွင်လည်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်လာ နေပါတယ်။ မြန်မာ-တရုတ်နယ်စပ် ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများဖြစ် တဲ့အတွက် နှစ်နိုင်ငံလုံခြုံရေးကို ထိလွယ် ရှလွယ်ဖြစ်ပါတယ်။ ဒါ့ကြောင့် နယ်စပ် ဒေသများတည်ငြိမ်အေးချမ်းမှသာ နှစ် နိုင်ငံလုံခြုံရေး၊ ချစ်ကြည်ရေးနဲ့ပူးပေါင်း ဆောင်ရွက်ရေးများတွင်အောင်မြင်အကျိုး ဖြစ်ထွန်းနိုင်မယ်ဖြစ်ပါတယ်။ ငြိမ်းချမ်း စွာအတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက် ကိုလက်ကိုင်ထားပြီး နိုင်ငံတော်လုံခြုံ ရေးကို မဖြစ်မနေကြိုးပမ်းသွားဖို့လိုပါ တယ်။

တရားဥပဒေစိုးမိုးရေး
တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ် အေးချမ်းရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက် သောဒီမိုကရေစီနိုင်ငံဖြစ်ပေါ်လာရေးတို့ ဟာ အကျိုးအကြောင်းပြုဆက်စပ်ဖြစ်ပေါ် တိုးတက်ရမြဲဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးမရှိလျှင် တည်ငြိမ်အေးချမ်းမှု မရှိနိုင်၊ တည်ငြိမ်အေးချမ်းမှုမရှိရင်ဒီမို ကရေစီအမြစ်တွယ်ရှင်သန်ထွန်းကားမလာ နိုင်ပါ။

တရားဥပဒေစိုးမိုးရေးကင်းမဲ့တဲ့ နိုင်ငံများတွင် ပြည်သူတို့ရဲ့အသက်အိုး အိမ်စည်းစိမ်ဥစ္စာသားသမီးရတနာများ စွာတို့ပျက်စီးဆုံးရှုံးရလေ့ရှိပါတယ်။ အဲ ဒါကြောင့် တရားဥပဒေစိုးမိုးရေးပျက်ပြား စေတဲ့အကြောင်းရင်းများကို အကြမ်း အားဖြင့် ဆန်းစစ်ကြည့်မယ်ဆိုပါက (၁) ပြည်တွင်းစစ်ကျယ်ပြန့်စွာဖြစ်ပွားနေမှု (၂) အာဏာပိုင်အဖွဲ့အစည်းများ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တရားဥပဒေစိုးမိုး ရေးကို ဆောင်ရွက်နိုင်စွမ်းအားနည်းမှု (၃) ပြည်သူတို့ရဲ့ ပကတိအကျိုးစီးပွားနဲ့ ကိုက်ညီမှုမရှိတဲ့ ဥပဒေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းအုပ်ချုပ်တဲ့အတွက် ပြည်သူတို့ဆန့် ကျင်၊ ဆူပူ၊ အြုံ<ွကမှု (၄) ပြည်သူတို့ စီးပွားရေးအကျပ်အတည်းများ ကြုံတွေ့ လာရပြီး အကျင့်စာရိတ္တပျက်ပြားမှု၊ ခိုးဆိုးလုယက် တိုက်ခိုက်သတ်ဖြတ်မှု (၅) အကျင့်ပျက်လာဘ်ပေးလာဘ်ယူမှုနဲ့ အကျင့်ပျက်ခြစားမှုများ များပြားလာမှု
(၆) ရာဇဝတ်မှုကျူးလွန်ပြီး ထောင်ဒဏ် ကျခံနေရသော အကျဉ်းသားများကို နောင်တမရမီ(လွတ်ရက်မစေ့မီ) မကြာ ခဏလွတ်ငြိမ်းချမ်းသာခွင့်ပေးမှုနဲ့ လူဆိုး ဂိုဏ်းများကြီးစိုးလာမှု (၇)မူးယစ်ဆေး ဝါးသုံးစွဲမှုများ များပြားလာမှုနဲ့ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်အုပ်စုများ ထိုးဖောက်ဝင်ရောက်လှုပ်ရှားလာမှု (၈) တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေး ကို ခွဲခြားသိမြင်ကျင့်သုံးရန်မရင့်ကျက် သေးမှုတို့ဖြစ်ပါတယ်။
ဒီနေ့ မြန်မာနိုင်ငံတွင်ကုန်ဈေးနှုန်း ကြီးမြင့်လာမှု၊ ဒေါ်လာဈေးကြီးမြင့်နေမှု၊ ပြည်ပကုန်သွယ်ရေးတွင် လိုငွေပြနေမှု၊ ရငွေပေးငွေစာရင်းတွင် လိုငွေပြမှု၊ ပြည် တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ဆုတ်ဆိုင်း နေမှု၊ မြန်မာလူဦးရေရာခိုင်နှုန်း ၇ဝ ခန့် ရှိတဲ့ တောင်သူလယ်သမားများထုတ် ကုန်ဆန်စပါးဈေးထိုးကျနေမှုစတဲ့ စီးပွား ရေးအခြေအနေများကိုကြုံတွေ့နေရပါ တယ်။ ပြည်ပက စီးပွားရေးပိတ်ဆို့အရေး ယူမှုများကို ဖယ်ရှားပေးခဲ့ပြီဖြစ်သော် လည်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ စီးဝင် လာမှုနှေးကွေးလျက်ရှိပါတယ်။ စီးပွား ရေးကျပ်တည်းလို့ တရားဥပဒေစိုးမိုးရေး ကို ထိခိုက်လာသလို တရားဥပဒေစိုးမိုး ရေးအားနည်းလို့ စီးပွားရေးကိုထိခိုက် ရတာလည်းရှိပါတယ်။

၂ဝ၁၇ခုနှစ် ဇန်နဝါရီလ ၁၆ရက် ထုတ် မြန်မာ့အလင်းသတင်းစာပါ ပြည် သူအတွက်ဆိုတဲ့ဆောင်းပါးမှာ ‘ယနေ့ ခေတ်ရဲတပ်ဖွဲ့ဝင်များ၏ ပင်မတာဝန် သည် တရားဥပဒေစိုးမိုးရေးအတွက်မှုခင်း များကိုကာကွယ်တားဆီးခြင်းအားဖြင့် ပြည်သူလူထုကိုဝန်ဆောင်မှုပေးရမည်ဖြစ် ပါသည်။ ပဋိပက္ခများဖြစ်ပွားခြင်း၊ ဆန္ဒပြ မှုများဖြစ်ပွားခြင်း၊ ဆင်းရဲမွဲတေမှုများ ခြင်း၊အလုပ်လက်မဲ့ပေါများခြင်း၊ ငွေကြေး ဖောင်းပွမှုများခြင်းတို့သည် သက်ဆိုင်ရာ အစိုးရအဖွဲ့တွင် တွေ့ကြုံရမည့်စိန်ခေါ်မှု ဖြစ်ပြီး ထိရောက်သောပြစ်ဒဏ်ချမှတ် ခြင်း၊ တရားဥပဒေကိုလေးစားလိုက်နာမှု အားနည်းခြင်းတို့သည် တရားစီရင်ရေး အဖွဲ့အစည်းများ တွေ့ကြုံရမည့်စိန်ခေါ်မှု ဖြစ်”ဆိုပြီး
စာလုံးကြီးနဲ့ဖော်ပြထားတာ ကိုလည်း တွေ့ရပါတယ်။

ဒီကနေ့မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်း ကြီးမြင့်နေမှုဟာ လောလောဆယ်ပြည်သူ တွေကိုအထိနာစေပါတယ်။ (၁)ဈေးကွက် နိယာမကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်တာ လား၊ (၂)လူ့ပယောဂကြောင့် ကုန်ဈေး နှုန်းကြီးမြင့်တာလား၊ (၃) သဘာဝဘေး အန္တရာယ်ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ရ တာလားဆိုတာတွေကို ဆန်းစစ်အဖြေရှာ လွန်မြောက်နိုင်ဖို့လိုပါတယ်။ လူဟာ အူမ တောင့်မှ သီလစောင့်နိုင်မယ်ဖြစ်သလို သီလစောင့်နိုင်သူတွေကလုပ်မှလည်း အူမ တောင့်မယ်ဖြစ်ပါတယ်။ လက်ရှိ ကြုံတွေ့ လာနေရတဲ့ စီးပွားရေးအကျပ်အတည်းက လွန်မြောက်ရေးအတွက်တစ်ခုတည်းသော လမ်းဟာ၊ ဒီမိုကရေစီနောက်ကြောင်း မလှည့်နိုင်တဲ့လမ်းဟာ၊တည်ငြိမ်အေးချမ်း ရေး၊ ဒီမိုကရေစီရေး၊ ပြည်သူတို့ရဲ့စီးပွား ရေးကုန်လုပ်စွမ်းအားစုများ ဖွံ့ဖြိုးတိုး တက်ရေးဆိုတဲ့ သုံးလွန်းတင်ဒီမိုကရေစီ ထူထောင်ရေးလမ်းသာဖြစ်တယ်ဆိုတာ ကို သုံးသပ်အကြံပြုတင်ပြအပ်ပါတယ်။

ခင်ဝင်းစံ