သေဒဏ် ပြန်လည်ပြဋ္ဌာန်းရန် ကြိုးစားမည်ဟု ဖိလစ်ပိုင် သမ္မတလောင်း ပြော

74347435385

ဖိလစ်ပိုင်သမ္မတသစ်အဖြစ် ရွေးကောက်ခံထားရဖို့ သေချာနေတဲ့ သမ္မတလောင်း ဒူတာတေ (Duterte) က သူ့ရဲ့ သမ္မတသက်တမ်းအတွင်း သေဒဏ်ကို ပြန်လည်ပြဋ္ဌာန်းဖို့ ကြိုးစားမယ်လို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့တပတ် ရွေးကောက်ပွဲတွေအပြီး မေလ ၁၆ ရက်နေ့က သူ မြို့တော်ဝန်တာဝန်ယူခဲ့တဲ့ ဒါဗာအို (Davao) မြို့မှာ သတင်းထောက်တွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။

သူ့ရဲ့လက်ထက်အတွင်း ဂိုဏ်းဖွဲ့ ရာဇ၀တ်မှု ကျူးလွန်သူတွေကို ရဲက ဖမ်းဆီးလို့ ထွက်ပြေးရင် နေရာတင် ပစ်သတ်ခွင့်ပေးမယ်လို့လည်း ဒူတာတေက ပြောပါတယ်။

သူ့ရဲ့ ပြတ်သားတဲ့ ရာဇ၀တ်မှုနှိမ်နင်းရေး အစီအစဉ်တွေကို လွှတ်တော်ကနေ အတည်ပြုပြဋ္ဌာန်းရေး ဘယ်လောက် လွယ်ကူမလဲတော့ မသိပေမယ့် ဖိလစ်ပိုင် သုံးသပ်သူတွေကတော့ အတည်ပြုပြဋ္ဌာန်းနိုင်လိမ့်မယ်လို့ ပြောဆို ကြပါတယ်။

ဖိလစ်ပိုင်သမ္မတ ၆ နှစ်တာ သက်တမ်းအတွက် လာမယ့် ဇွန်လ ၃၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မဲအနိုင်စာရင်းကို ကော်မရှင်က တရားဝင် မကြေညာသေးပေမယ့် ဒူတာတေကတော့ ပြိုင်ဘက်တွေ အပေါ်မှာ အပြတ်ဖြတ်ထားပြီး ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနဲ့ အငြင်းပွားနေတဲ့ နယ်မြေပိုင်ဆိုင်မှု ပြဿနာကိုလည်း တရုတ်နိုင်ငံနဲ့ တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးလိုပြီး တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ထားရှိလိုတယ်လို့လည်း ပြောပါတယ်။

လက်ရှိအစိုးရလက်ထက်မှာတော့ ဒီ  နယ်မြေ အငြင်းပွားမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာရှိတဲ့ နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့ကို တိုင်ကြားထား ပါတယ်။

(ရိုက်တာ)


Leave a Reply