မြန်မာ Passport ကမ္ဘာ့အဆင့် ၈၆ မှာ ရှိ

ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေးအကြံပေးကုမ္ပဏီ အာတန်ကက်ပီတယ်လ် (Arton Capital) က ကမ္ဘာမှာ သြဇာ အရှိဆုံး နိုင်ငံကူးလက်မှတ် (Passport) စာရင်း ၂၀၁၆ ခုနှစ်ကို သူ့ရဲ့ ကမ္ဘာ့နိုင်ငံကူးလက်မှတ်အဆင့် ဝက်ဘ်ဆိုဒ် စာမျက်နှာမှာ ဖော်ပြထားရာ ဂျာမနီက ကမ္ဘာမှာ နံပါတ် ၁ ဖြစ်ပြီး ဆွီဒင်နိုင်ငံက အဆင့် ၂ နေရာမှာ ရှိပါတယ်။

ဂျာမနီနိုင်ငံကူးလက်မှတ် ကိုင်ဆိုင်ထားသူတွေဟာ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားစရာမလိုဘဲ၊ ဒါမှမဟုတ် ဆိုက်ရောက်ချိန်မှ လျှောက်ထားနိုင်တဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၈ နိုင်ငံ ရှိပါတယ်။ ဆွီဒင်ကတော့ ၁၅၇ နိုင်ငံ ရှိပါတယ်။

ဗီဇာမလိုဘဲ သွားလို့ရတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၆ နိုင်ငံစီရှိတဲ့ ဥရောပတိုက်က ယူကေ၊ ပြင်သစ်၊ စပိန်၊ ဆွစ်ဇာလန်၊ ဖင်လန်နိုင်ငံတွေနဲ့အတူ အရှေ့အာရှက တောင်ကိုရီးယားနိုင်ငံက အဆင့် ၃ နေရာ ချိတ်ပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ်ကတော့ ၂၀၀၈ ခုနှစ်ကမှ ဆာဘီးယားကနေခွဲထွက်ပြီး သီးခြားလွတ်လပ်တဲ့နိုင်ငံ ထူထောင်ခဲ့တဲ့ ဥရောပအရှေ့တောင်ပိုင်းက ကိုဆိုဗိုနိုင်ငံနဲ့အတူ အဆင့် ၈၆ နေရာမှာရှိပြီး ဗီဇာမလိုဘဲ သွားလို့ ရတဲ့ နိုင်ငံပေါင်းက ၄၁ နိုင်ငံရှိတယ်လို့ ဆိုပါတယ်။

အရှေ့တောင်အာရှ အာဆီယံနိုင်ငံတွေထဲက စင်ကာပူနဲ့ မလေးရှား နှစ်နိုင်ငံက အမေရိကန်၊ ဂျပန်၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယန်၊ နော်ဝေ၊ အီတလီ၊ နယ်သာလန်နိုင်ငံတွေနဲ့အတူ အဆင့် ၄ နေရာမှာချိတ်ပြီး မြန်မာရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ အဆင့် ၅၇ မှာ ရှိပါတယ်။

ဒီ ဝက်ဘ်ဆိုဒ်မှာ ဗီဇာလျှောက်စရာမလို သို့မဟုတ် ဆိုက်ရောက်ဗီဇာ သို့မဟုတ် အွန်လိုင်းဗီဇာ ကတဆင့် ပြည်ဝင်ခွင့်နိုင်ငံအများဆုံး ပေးတဲ့စာရင်းကိုလည်း ဖော်ပြထားရာ အရှေ့အာဖရိကရှိ ကုန်တွင်းပိတ်နိုင်ငံ ဘရွန်ဒီက နိုင်ငံပေါင်း ၁၉၈ နိုင်ငံနဲ့ အများဆုံးလက်ခံထားပြီး အဆင့် ၁ နေရာမှာ ရှိနေပါတယ်။

မြန်မာနိုင်ငံကတော့ နိုင်ငံ ၇ နိုင်ငံကို လက်ခံထားပြီး အဆင့် ၁၀၀ မှာ ရှိတယ်လို့ သိရှိရပါတယ်။

ဘီဘီစီမြန်မာပိုင်း