ပါတီနှင့် အဖွဲ့အစည်း ၅၀ ပါဝင်သော အမျိုးသားအင်အားစုများ ငြိမ်းချမ်းရေး သဘောထားတင်ပြချက်ထုတ်ပြန်

ပြည်တွင်းအဖွဲ့အစည်း ၅၀ ပါဝင်သော အမျိုးသားအင်အားစုများ၏ ငြိမ်းချမ်းရေးသဘောထားတင်ပြချက်ကို (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် အစိုးရသစ်၏ အပြောင်းအလဲများဆောင်ရွက်ရာ၌ ကြီးမားသော အကန့်အသတ်များကို တွေ့နေရကြောင်းနှင့် နိုင်ငံ၏ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ သွေးစည်းညီညွတ်ရေး၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်ရေးကိစ္စရပ်များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် တိုက်ရိုက်ဆက်စပ်လျက် ရှိနေ ကြောင်း စသည့် အချက်အပါအဝင် အချက်ခုနစ်ချက် ထည့်သွင်းဖော်ပြထားသည်။

‘‘လက်ရှိ မြန်မာပြည်မှာ တပ်မတော်ဟာ အင်အားအကြီးမားဆုံးဖြစ်တယ်။ သူ့အနေနဲ့ သဘောထားကြီးပြီး လက်နက်ကိုင်ပဋိပက္ခဖြစ်နေမှုမှာ အပစ်အခတ်ရပ်စဲမှုကို စတင်ဖို့ပါ။ အဲဒါကို အဓိကထားပြီး ကျွန်တော်တို့က တိုက်တွန်းတာပါ’’ ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည့် ဆရာကြီးသခင် ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် (ရန်ကုန်) ၏ ပြန်ကြားရေးတာဝန်ခံ ဦးထွန်းဝင်းငြိမ်းက ပြောသည်။

အစိုးရသစ်၏ သက်တမ်းကိုးလတာအတွင်း သိသာထင်ရှားသည့် အပြောင်းအလဲများ ဖြစ်ပေါ်ရန်ဆောင်ရွက်ရာ တွင် ကြီးမားသော အကန့်အသတ်များရှိနေကြောင်းနှင့် ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ရာဇဝတ်မှု များပြားလာမှု၊ ပြည်သူများ၏ဘဝ မလုံခြုံမှုများ ဆိုးရွားစွာဖြစ်ပေါ်နေ၍ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးများ ချုပ်ချယ်ဟန့်တားခံရမှုများ ဆက်လက်ဖြစ်ပေါ်နေသည်ဟုလည်း ပါရှိသည်။

၂၁ ရာစုပင်လုံညီလာခံ ပထမအကြိမ်အပြီးတွင် ပြည်တွင်းစစ်သည် ပိုမိုပြင်းထန်လာကြောင်းနှင့် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအကြား အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုစိတ်ရင်းဖြင့် တည်ဆောက်စေလိုကြောင်းလည်း တိုက်တွန်းထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် အချိန်ဆွဲ၊ ကြန့်ကြာနေပါက နိုင်ငံတွင် ဆုတ်ယုတ်ကျဆင်းမှုများ၊ အကျပ်အတည်းများ၊ မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ပြီး ပြည်တွင်းစစ်သည်လည်း ပိုမိုပြင်းထန် ကျယ်ပြန့်မည်ဖြစ်ကြောင်းဖော်ပြထားသည်။

နယ်မြေစိုးမိုးရေးစစ်ပွဲ၊  ထိုးစစ်များ ချက်ချင်းရပ်တန့်ပေးရန်၊ တပ်မတော်က အပစ်အခတ်ရပ်စဲကြောင်း ကြေညာ ရန်၊ လက်နက်ကိုင်အဖွဲ့အချို့ကို အကြမ်းဖက်သောင်းကျန်းသူဟု သုံးစွဲနေခြင်းကို ရပ်တန့်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုရန်အပါအ၀င် အချက်ရှစ်ချက်ကိုလည်း အကြံပြုထားသည်။

သဘောထားထုတ်ပြန်သောအဖွဲ့များမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ လူ့ဘောင်သစ် ဒီမို ကရက်တစ်ပါတီ (DPNS)၊ ရခိုင်မျိုးချစ်ပါတီ (APP)၊ ချင်းတိုးတက်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ ကယန်းပြည်သစ် ပါတီ၊ အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ (UNC)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်နှင့် အခြားပြည်တွင်းအဖွဲ့အစည်း လေးဆယ်ကျော်ပါဝင်သည်ဟု သိရသည်။

# 7 Day Daily