ရန်ကုန်မြို့ အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်း ယခင်လကထက် မြင့်တက်

မီးဖိုချောင်အခြေခံ စားသောက်ကုန်များဖြစ်တဲ့ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ မန်ကျည်းသီးအမှည့်များ ယခင်လထက် ဈေးနှုန်းမြင့်တက်လျက်ရှိသည်ဟု ဘုရင့်နောင်ကုန်စည်ပွဲရုံမှ သိရသည်။

ထိုအတူ ယခင်လက စားအုန်းဆီ ၁ ပိဿာကို လက်ကားဈေးနှုန်း ၁၆၅ဝ ကျပ်ခန့်ရှိပြီး ယခုလတွင် ၁၉၈ဝ ကျပ်ခန့်နှင့် လက်လီ ဈေးမှာမူ ၁၈ဝဝ ကျပ်မှ ၂၂ဝဝ ကျပ်ထိ တိုးလာကြောင်း စုံးစမ်းသိရှိရသည်။

“ခုက ဒေါ်လာဈေးမြင့်တက်လာတာကြောင့် အဓိက ဈေးမြင့်သွားတာက ဆီပဲ။ ဆီက ဒေါ်လာနဲ့ အပြင်က တင်သွင်းရတာကိုး။ ပြီးခဲ့တဲ့လနဲ့စာရင်တော့ စားသုံးကုန် ၁ဝ မျိုးမှာ ၅မျိုးလောက်တော့ ဈေးပိုတက်လာတယ်။ ဆီ ဈေးနှုန်းဆို မနက်နဲ့ ညတောင် မတူဘူးလေ “ဟု ဘုရင့်နောင် ကုန်စည်ဒိုင်မှ ကုန်ခြောက်ပွဲရုံပိုင်ရှင် အမျိုးသမီးက ပြောသည်။

ကြက်သွန်များ ဈေးတက်ခြင်းမှာ ရာသီပေါ်မဟုတ်ဘဲ အဟောင်းများကို ထုတ်ရောင်းရသဖြင့် ဈေးမြင့်တက်ခြင်း ဖြစ်ကြောင်း၊ အဓိက ဈေးမြင့်တက်ခြင်း သိသာသည်မှာ လက်လီရောင်းချသူများတွင် ပိုပြီးသိသာကြောင်း ၄င်း ပြောပြချက်အရ သိရသည်။

ကြက်သွန်နီဈေးနှုန်းမှာမူ လက်ကားဈေးနှုန်း ၁ ပိဿာ ကို ၈ဝဝ ကျပ်မှ ၁၃ဝဝ ကျပ်ထိ တိုးလာပြီး လက်လီ ဈေးနှုန်းမှာ ၁ဝဝဝ ကျပ်မှ ယခုလက်ရှိတွင် ၁၅ဝဝ ကျပ်အထိရှိကြောင်း၊ ကြက်သွန်ဖြူဈေးနှုန်းမှာလည်း လက်ကား ဈေးနှုန်း ၁ ပိဿာ ၅၂ဝဝ ကျပ်မှ ၅၅ဝဝ ကျပ်ထိ တိုးလာပြီး လက်ကားဈေးနှုန်းမှာ ၅ဝဝဝ ကျပ်မှ ၇ဝဝဝ ကျပ်ထိ တိုးလာကြောင်း သိရသည်။

ငရုတ်သီးအပု (အခြောက်) မှာ ယခင်လက ၁ ပိဿာ ကို လက်ကားဈေးနှုန်း ၇ဝဝဝ ကျပ်ခန့်ရှိရာမှ ယခုတွင် ၈ဝဝဝ ကျပ်ခန့်ထိရှိလာပြီး လက်လီဈေးမှာလည်း ယခင်က ၈ဝဝဝ ကျပ်ရှိရာမှ ယခုတွင် ၉ဝဝဝ ကျပ်နှင့် ၁ဝဝဝဝ ကျပ်ကြားတွင် ရှိကြောင်း သိရသည်။

ဆင်းသွယ်ဆန်ဟောင်း ၁ ပြည်ကို ယခင်လက လက်ကားဈေးမှာ ၁၁ဝဝ ကျပ် ခန့်ရှိပြီး ယခုလတွင် ၁၂ဝဝ ကျပ် ခန့်နှင့် လက်လီ ဈေးနှုန်းမှာ ၁၂ဝဝကျပ်မှ ၁၃ဝဝကျပ်ထိ ရှိကြောင်း၊ ပေါ်ဆန်းဟောင်း ၁ ပြည်ကို ယခင်လက ၁၃ဝဝ ကျပ်ခန့်ရှိပြီး ယခုလတွင် ၁၃၇၅ ကျပ် နှင့် လက်လီဈေးနှုန်းမှာမူ ၁၄ဝဝ ကျပ်မှ ၁၅ဝဝ ကျပ်ထိ တိုးလာကြောင်း ရပ်ကွက်ဆိုင်မှ စုံစမ်းသိရှိရသည်။

အာလူး( အလတ်) လက်ကားဈေးနှုန်း ၁ ပိဿာကို ၈ဝဝကျပ်မှ ၁၁ဝဝကျပ်ထိ တိုးလာပြီး လက်လီဈေးနှုန်းမှာမူ ၁ဝဝဝ ကျပ်မှ ၁၅ဝဝ ကျပ်တိုးလာကြောင်း၊ မဂျီးသီးအမှည့်ဈေးနှုန်း မှာလည်း လက်ကားဈေးနှုန်း ၁ ပိဿာ ကို ၂ဝဝဝ ကျပ်မှ ၃၂ဝဝ ကျပ်အထိ ရှိလာပြီး လက်လီဈေးနှုန်းမှာ ၃ဝဝဝ ကျပ်မှ ၄ဝဝဝ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်လာကြောင်း ကုန်ခြောက်ရောင်းဝယ်သူ ဦးခင်သိန်း ပြောပြချက်အရ သိရသည်။

# Mizzima


Leave a Reply