မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခွဲ အင်ပင်၌ ဖွင့်လှစ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြန်အောင်မြို့နယ် ရုံးခွဲကို ယခုလ ၁၄ ရက် တန်ဆောင်မုန်းလပြည့်နေ့က အင်ပင်ရှိမြို့နယ် ပါတီကော်မတီဝင် ဦးအုန်းသိန်း နေအိမ် (ဟင်္သာတ-မြန်အောင်ကား လမ်းမကြီး) တွင် ဖွင့်လှစ်ခဲ့သည်။

myan-aung

ဖွင့်ပွဲတွင် အောင်ကြောင်း မင်္ဂလာရတုကို မြို့နယ်ပါတီကော်မတီဝင် ဦးစိုးဝင်းက ရွတ်ဖတ်ကာ မြန်အောင်မြို့နယ် ပါတီအတွင်းရေးမှူး ဦးနေဝင်းဇော်၊ ရပ်မိရပ်ဖများ၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်ကျေးရွာပါတီအဖွဲ့ များက အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး ပါတီရုံးဆိုင်းဘုတ်ကို ဖွင့်လှစ်ခဲ့သည်။

ထို့နောက်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာအင်ပင်မှ ရပ်မိရပ်ဖတစ်ဦးက အဖွင့်အမှာစကား ပြောကြား ခြင်း၊ မြို့နယ်အတွင်းရေးမှူးက ရုံးခွဲဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး မိတ်ဖက်ပရဟိတအဖွဲ့များကို တာဝန်ရှိသူများက အလှူငွေများ ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် မိတ်ဖက်ပရဟိတအဖွဲ့များထဲမှ အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အင်ပင် ရုံးခွဲတွင် မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ဆွေးနွေးပွဲများ၊ သင်တန်းများနှင့် အစည်းအဝေးပွဲများကို လစဉ် ပြုလုပ်သွား မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

နေဝင်းဇော်(မြန်အောင်)


Leave a Reply