ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အပေးအယူရှိသည်

”ကျွန်ုပ်တို့က အခြေခံဥပဒေမှ ရယူကြသောညီမျှမှုသည် ကျွန်ုပ်တို့အခြေခံဥပဒေသို့ အပေးအယူညီမျှမှုပေါ်၌ တည်နေသည်”
ထိုစာသားကို ဒေါက်တာမောင်မောင်ရေးသားသည့် ‘တို့ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ’ စာအုပ်တွင် ဖတ်မှတ်ခဲ့ရပါသည်။ ဒေါက်တာမောင်မောင်ဆိုသည်မှာ ဟော်လန်နိုင်ငံThe Hague မြို့တော်ရှိ Academy of Inter-nationl Law မှ အပြည်ပြည်ဆိုင်ရာ ဥပဒေ ဒီပလိုမာ၊ ၁၉၅၆ ခုနှစ်တွင် Utrecht တက္ကသိုလ် မှ အပြည်ပြည်ဆိုင်ရာ ဥပဒေဘာသာရပ်တွင် ဥပဒေပါရဂူဘွဲ့၊ ၁၉၆ဝ-၁၉၆၂ ခုနှစ်များတွင် အမေရိကန်နိုင်ငံ Yale တက္ကသိုလ်၌ အပြည်ပြည် ဆိုင်ရာ ဥပဒေဘာသာရပ်အတွက် ဒေါက်တာဘွဲ့ J.S.D ကိုရရှိခဲ့သူဖြစ်သည်။

2008_constitution


မြန်မာနိုင်ငံ လွတ်လပ်ရေးကြေညာစာတမ်းကို ရေးသားရာ၌ ပါဝင်ခဲ့သူ။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာတွင်လည်းကောင်း၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာတွင်လည်းကောင်း အဓိက နေရာကပါဝင် ခဲ့သူဖြစ်သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရသည်မှာ ၁၉၄၈ ခုနှစ်ဇန်နဝါရီလ ၄ ရက်နေ့ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တိုင်းပြုပြည်ပြုလွှတ်တော်က ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် လက်ခံအတည် ပြုခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွတ်လပ်ရေးမရမီ အဘယ်ကြောင့် အဆောတလျင်ရေးဆွဲ ခဲ့ကြပါသနည်း။ လွတ်လပ်ရေးမရှိမီပင် ဖွဲ့စည်းပုံ အခြေခံဥပဒေရှိရသည်မှာ မည်သည့်အတွက်ပါနည်း။ စဉ်းစား ကြည့်သင့်ကြပါသည်။
ထိုအချိန်တွင် မြန်မာနိုင်ငံမှာ အင်္ဂလိပ်တို့ လက်အောက်တွင်ပင်ရှိသေးသည်။ ဗြိတိသျှအစိုးရထံမှ အာဏာ လွှဲပြောင်းယူရေးမှာ အဓိကဖြစ်နေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိလျှင် အာဏာ လွှဲပြောင်းပေးမည့် အစီအစဉ်မှာ နှောင့်နှေးနိုင်သည်။ သို့အတွက် တိုင်းရင်းသားအချင်းချင်း ယုံကြည်ရိုင်းပင်းကြကာ လက်တွေ့အတွေ့အကြုံအရ လိုအပ်သလို အသေးစိတ်မွမ်းမံကြမည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံကို ပန္နက်ရိုက်၊ ပုံကြမ်းဖော်ခဲ့ ကြသည်ဟု ဆိုသည်။ ဥပဒေတည်ဆောက်ပုံနမူနာအဖြစ် နီးရာ၊ ယဉ်ပါးခဲ့ရာ ဗြိတိသျှပါလီမန်ပုံစံကို ယူသည်။ ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအုပ်ချုပ်ရေး ဥပဒေကိုမှီးသည်ဟုဆိုသည်။ သို့တိုင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်စပ်လျဉ်း၍ ဗိုလ်ချုပ်က ”အခြေခံဥပဒေကြမ်းရေးဆွဲရာတွင် မြန်မာနိုင်ငံတွင် ဖြစ်နေသော ပကတိအခြေအနေများကို ထည့်သွင်းစဉ်းစားရန် လိုသည်။ အခြားနိုင်ငံများအခြေအနေကို မျက်စိမှိတ်ပြီး လိုက်လုပ်လို့မဖြစ်ဘူး” ဟု မူချပေးခဲ့သည်။

ဤသို့အဆောတလျင်ရေးဆွဲခဲ့သော ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည်ပင် လွတ်လပ်သောနိုင်ငံ တစ်နိုင်ငံ အဖြစ်ရပ်တည်လာနိုင်သည်။ ထိုစဉ်က အာဏာစွဲကိုင်သူတို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏တန်ဖိုးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ၎င်းတို့ယူခွင့်ရသောအခွင့်အရေးကို အလေးအနက်ပြုခဲ့ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ကျေးဇူးဆပ်ခဲ့ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဥပဒေပြဋ္ဌာန်းချက်နှင့် ကင်းလွတ်လျက်ပြုပြင်ခြင်းမရှိခဲ့ပါ။
ဖွဲ့စည်းပုံအခြေခံ၏ ဥပဒေရေးရာအခန်းကဏ္ဍသည် ခေတ်တစ်ခုမှတစ်ခုပြောင်းတိုင်း အမြဲတစေ အံ့သြဖွယ်၊ စိတ်ဝင်စားဖွယ်ဖြစ်စေခဲ့သည်။ ဥပဒေရေးရာသည် ပြည်သူများနှင့် ပြည်သူတို့၏မျှော်လင့်ချက်အိပ်မက်များ ဖြစ်သည်။ ဖွဲစည်းပုံအခြေခံဥပဒေသည် ၄င်းတို့နိုင်ငံနှင့်လူမှု အသိုင်းအဝိုင်းတွင် အကိုက်ညီဆုံးဖြစ်မည့်အခြေခံ အဆောက်အအုံအကြောင်းဖြစ်သည်။ မည်သည့် အခြေခံဥပဒေမျိုးမဆို တကယ်တမ်းအာဏာ သက်ဝင်လာ သည်နှင့်တစ်ပြိုင်နက် ကွာဟချက်(Gap) များရှိလာတော့သည်။ ယင်းကွာဟချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်ရေးဆွဲ ချိန်နှင့်လက်တွေ့အာဏာသက်ဝင်ပြီး ကျင့်သုံးချိန် ကြားပိုမိုသိသာ၍ ထင်ရှားတတ်သည်ဟု ဥပဒေ လေ့လာသူများကဆိုသည်။ သည်သဘောရှိသဖြင့် ပြဋ္ဌာန်းပြီးသော ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်ကို စက္ကူစုတ် အဖြစ်သတ်မှတ်သင့်သည် မဟုတ်ပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဥပဒေနည်းလမ်းတကျသာ ပြင်ဆင်ရပါမည်။
၁၉၈၈ ခုနှစ် အရေးအခင်းကာလတွင် ဒေါက်တာမောင်မောင် သမ္မတတာဝန်ထမ်းဆောင်စဉ်ပြောခဲ့သော ဥပဒေနှင့် ပတ်သက်သည့်စကားတစ်ခွန်းမှာ အာဏာစွဲကိုင်နေသည့် မျိုးဆက်အားလုံးပင် နှလုံးသွင်းသင့်ပါသည်။ ဒေါက်တာ မောင်မောင်၏ ”စည်းကမ်းကို လွယ်လွယ်ချိုးဖောက်တဲ့သာဓက အကျင့်မျိုးကိုတော့ အနာဂတ် လူငယ်များအား ကျွန်တော်တို့အမွေမပေးနိုင်ခဲ့ပါ” ဟူသည့်စကားဖြစ်သည်။

၁၉၈၈ ခုနှစ်အတွင်းမှ ဖြစ်စဉ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေလမ်းကြောင်းမှသွေဖည်၍ အာဏာရယူလိုကြောင်း တွေ့ခဲ့ရသည်။ ၁၉၈၈ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော်အာဏာကိုယူခဲ့ခြင်းကို ဥပဒေကြောင်းအရစဉ်းစားလျှင် ထိုစဉ်က နိုင်ငံရေးတောကြောင်များ၊ ကျောင်းသားအတုအယောင်များ၊ မြေပေါ်မြေအောက် အဖျက်သမားများက သူတို့ရှေ့မှကာဆီးနေသမျှ အရာရာအားလုံးအား အလုံးစုံဆွဲချဖြိုဖျက်ပြီး ပြည်ပမီဒီယာများ၏ လှုံ့ဆော်ဝါဒဖြန့်မှု များကြား ရိုးသားသောပြည်သူလူထုကို လူသားလှိုင်းလုံးကြီးများသဖွယ် အသုံးချရင်း နိုင်ငံတော်အာဏာကို အတင်းအဓမ္မသိမ်းပိုက်မည့် ဥပဒေမဲ့လုပ်ရပ်ကို တားဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုသော် ဖွဲ့စည်းပုံအခြေခံဥပဒေ လမ်းကြောင်းပေါ်မှ ငြိမ်းချမ်းသောပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်နိုင်ခဲ့ပြီ။ လုံလောက်သော အချိန်ကာလတစ်ခု တွင် ပြည်သူအများစုဆန္ဒမဲပေးသည့် အစိုးရမျိုးကို တင်မြှောက်နိုင်ခဲ့ပြီ။ သို့မဟုတ်လျှင် နိုင်ငံတော်အာဏာကို နိုင်ငံရေးအောက်လမ်းနည်းများဖြင့် သိမ်းပိုက်နိုင်သည့်အစဉ်အလာကြီး မြန်မာနိုင်ငံ၌ တည်ရှိနေခဲ့မည်ဖြစ်သည်။
ယခုအခါ နိုင်ငံတော်တွင် ဖြေရှင်းစရာ ပြဿနာများ ပို၍ပို၍ စုပြုံရောက်ရှိလာနေသည်ဟု မြင်သည်။ ကျဆင်းနေ သောစီးပွားရေး၊ ပြည်ပစွက်ဖက်မှုများ၊ တိုင်းရင်းသားတို့၏ပဋိပက္ခ သဘောထားများ၊ ပြည်သူတို့၏မျှော်လင့်ချက်၊ ကျယ်လာသောစစ်ဘောင်၊ နိုင်ငံရေးဖြစ်စဉ် ဆိုင်ရာအားနည်းချက်များ စသည်တိြု့ဖစ်သည်။ ထိုသို့ ပြဿနာများ စုပြုံလာလေ အပြောင်းအလဲ ဖြစ်စဉ်များပို၍ သိမ်မွေ့ခက်ခဲ ရှုပ်ထွေးလာလေဖြစ်သည်။ ပြဿနာများကို ဖြေရှင်း ရာတွင် ဗဟိုအူတိုင်နေရာကရှိနေသည်မှာ ဥပဒေသာဖြစ်သည်။ ဥပဒေဖြင့်စွဲကိုင်မဖြေရှင်းလျှင် ဒီမိုကရေစီအနှစ် သာရဖြစ်သည့် တရားမျှတမှုကိုထိန်းကျောင်းနိုင်မည်မဟုတ်ပေ။

နိုင်ငံတွင် နိုင်ငံရေးဂဏာမငြိမ်ဖြစ်သည့်အခါတိုင်း အခြေခံဥပဒေသာလျှင် ဆောက်တည်ရာ အဖြစ်၊ လမ်းပြအဖြစ် အားထားခဲ့ရသည်။ မောင်ချိုဝေ၏ ပုဂ္ဂလိကအမြင်မှာ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ယနေ့နိုင်ငံရေး စိန်ခေါ်မှုများ (ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် တောင်းဆိုသည်မှအပ) ကို ကောင်းစွာဖြေရှင်းနိုင်မည့် အခြေခံအချက်များ ပါဝင်နေသည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တည်ဆောက်ခဲ့သော မြန်မာ့ဒီမိုကရေစီနိုင်ငံ တည်ဆောက်မှုတွင် ဒီမိုကရေစီရွေးကောက်ပွဲများ ကျင်းပနိုင်ခဲ့ပြီး လွှတ်တော်သက်တမ်း နှစ်ကြိမ်ပင် ရောက်ရှိခဲ့ပြီ။ ပထမ သက်တမ်းတွင် တစ်ပါတီ၊ ဒုတိယသက်တမ်းတွင် တစ်ပါတီအစိုးရ ဖွဲ့ခွင့်ရခဲ့ပြီ။ ဤသည်များမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှရယူခြင်းဖြစ်ကြောင်း အသိအမှတ်ပြုရန် လိုသည်။ အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပေးဆပ်ရမည့် လေးစားမှုနှင့် လိုက်နာမှုအပိုင်းတွင်မူ လွန်စွာအားနည်းသည်ဟု မြင်သည်။ အကျိုးစီးပွားကာကွယ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်စိမ်းကို ကိုင်ကြသော်လည်း လိုက်နာရန်အတွက်မူ စံမပြည့်ဟု ဆိုနေကြခြင်း အတွက် အံ့သြဖွယ်ရာကောင်းလှသည်။ သည့်ထက်အံ့သြ ဖွယ်ကောင်းသည်မှာ ‘ဖွဲ့စည်းပုံအခြေခံဥပဒေကို ငါတို့ ဂယ်ပေါက်ရှာနိုင်သည်။ ငါတို့သည် အာဂလူများဖြစ်သည်’ဟု မိမိတို့ကိုယ်ကိုမိမိတို့ အမွှမ်းတင်နေသူများကို ဖြစ်သည်။ ထိုသူများသည် ရသည်ကိုယူ၍ ပေးရမည်ကိုမပေးသည်သာမက ကျေးဇူးကန်းသောသူများဖြစ်သည်။ ငါတို့ထိုင်နေသောပလ္လင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားသောပလ္လင်ပါလားဟု သိကြရန်မူ ရူးဟန်ဆောင် နေကြသည်။ ဒီမိုကရေစီခရီးကိုသွားရန် လမ်းဖွင့်ပေးခဲ့သော ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျေးဇူးတင် ပါကြောင်းပြောသည့် တစ်စုံတစ်ယောက်သော နိုင်ငံရေးသမားကိုမျှ မတွေ့ဖူးသေးပါ။ မြန်မာ့နိုင်ငံရေးသည် ကျေးဇူးကန်းနိုင်ငံရေးဟုပင် ကောက်ချက်ချရပေတော့မည်။

လွှတ်တော်သည် ပြည်သူ့ကိုယ်စားလှယ်အမတ်များက ပြည်သူ့အကျိုးစီးပွားကို ဆောင်ကြဉ်းမည့်ဥပဒေများကို ပြဋ္ဌာန်းပေးရသည်။ ပြည်သူတို့၏ဆန္ဒသည် ဥပဒေဖြစ်သည်ဟူသော ဒီမိုကရေစီအနှစ်သာရသည် ဥပဒေပြု လွှတ်တော်များတွင် တည်ရှိသည်။ လွှတ်တော်က လက်ခံအတည်ပြုသောဥပဒေကြမ်းကို နိုင်ငံတော်သမ္မတကပင် တားဆီးပိတ်ပင်ခြင်းမပြုနိုင်ပေ။ သမ္မတထံပေးပို့ပြီးသော ဥပဒေကြမ်းကို သမ္မတက လက်မှတ်ရေးထိုးခြင်းမပြု စေကာမူ သတ်မှတ်ကာလတွင် သမ္မတကလက်မှတ်ရေးထိုးပြီးသကဲ့သို့ ဥပဒေဘဝရောက်သည်။ ဤသည်ကို ထောက်ရှုလျှင် ပြည်သူတို့အာဏာကို လွှတ်တော်ကသာ ကိုယ်စားပြုကြောင်း သိသာပါသည်။ ထိုသို့သောဥပဒေပြု လွှတ်တော်သည် ဥပဒေပြဋ္ဌာန်းရန်၊ ပြဋ္ဌာန်းပြီး ဥပဒေများနှင့် တည်ဆဲဥပဒေများကိုလိုက်နာရန် အထူး လိုအပ်ကြောင်း ဆိုဖွယ်မရှိပါပြီ။

နိုင်ငံတစ်ခု၏အချုပ်အခြာအာဏာကို ဥပဒေပြုရေး၊ တရားစီရင်ရေး၊ စီမံခန့်ခွဲရေးဟု အာဏာ သုံးရပ်ပေါင်းစု အဓိပ္ပာယ်ဖော်ကြသော်လည်း ဒီမိုကရေစီနိုင်ငံတစ်ခု၏ အရေးအကြီးဆုံး အင်္ဂါရပ်မှာ လွှတ်တော်နှင့်ဥပဒေပြုရေး အာဏာဖြစ်သည်။ လွှတ်တော်က ပြည်သူတို့နှင့်သင့်လျော်သော ဥပဒေများကိုပြဋ္ဌာန်းရသည်။ အခြားသောမဏ္ဍိုင် နှစ်ရပ်မှာ ဥပဒေပြုလွှတ်တော်မှ ပြဋ္ဌာန်းသည့် ဥပဒေများနှင့်အညီ နိုင်ငံတော်ကို စီမံရခြင်းဖြစ်သည်။ ဒီမိုကရေစီ စနစ်တွင် ဥပဒေကိုကျော်လွန် လုပ်ကိုင်၍မရ။ ဥပဒေအထက်တွင် မည်သူမျှမရှိဆိုသည်မှာ လွတ်လပ်ခြင်းနှင့် တရားမျှတခြင်းကို ကိုယ်စားပြုသည့်ဝေါဟာရဖြစ်သည်။

ဥပဒေပြုသူများသည် ဥပဒေဖောက်ဖျက်လျှင် သာမန်ပြည်သူများအတွက် မည်သည့်ဥပဒေသည် အာဏာတည်နိုင် ပါတော့မည်နည်း။ တရားဥပဒေစိုးမိုးရေးကို မိမိမည်မျှ ကြွေးကြော် စေကာမူ ဥပဒေပြဋ္ဌာန်းရန် တာဝန်ရှိသူများသည် ပင် တရားဥပဒေကို ဖောက်ဖျက်ရန် ဂယ်ပေါက်ရှာနေမှုလောက် အရုပ်ဆိုးသည့်အဖြစ်သည် ဘယ်မှာ ရှိနိုင်ပါတော့ မည်နည်း။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အပေးအယူရှိပါသည်။ အယူသာရှိပြီး အပေးမရှိသော လောဘသားတို့က လှပသော အနာဂတ်လူ့အဖွဲ့အစည်းကို မည်သို့တည်ဆောက် နိုင်ပါမည်နည်း။ စဉ်းစားစရာဖြစ်ပါသည်။

မောင်ချိုဝေ

၂၀၁၆ နိုဝင်ဘာလ (၇) ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ်သတင်းစာမှ ကူးယူဖော်ပြပါသည်။


Leave a Reply