လူပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ဦးစားပေးလွန်းလျှင် နိုင်ငံတော်လုံခြုံရေး ကျိုးပေါက်နိုင်ကြောင်း တပ်မတော်သား ကိုယ်စားလှယ် သတိပေး

လူပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကိုဦးစားပေးလွန်းလျှင် နိုင်ငံတော်လုံခြုံရေးကျိုးပေါက်နိုင်ကြောင်း တပ်မတော် သားကိုယ်စားလှယ်နှစ်ဦး က အောက်တိုဘာ ၅ ရက်တွင် အမျိုးသားလွှတ်တော်၌ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းကို ဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့သည်။

‘‘လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ဦးစားပေးလွန်း ပါက နိုင်ငံတော်လုံခြုံရေးတာဝန် ထမ်းဆောင်နေရသူများ အဖို့ လုပ်ငန်းများဆောင်ရွက်ရာတွင် ကန့်သတ်ချက်၊ တားမြစ်ချက်များကြောင့် နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်သော ကိစ္စရပ်များ စုံစမ်းထောက်လှမ်းခြင်း မပြုလုပ်နိုင်တော့သဖြင့် အခက်အခဲများစွာ ကြုံတွေ့လာနိုင်ပြီး နိုင်ငံတော်လုံခြုံရေး ကျိုးပေါက်နိုင်ပါတယ်’’ ဟု တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်စံဦးက ပြောသည်။

အဆိုပါဥပဒေကြမ်းပုဒ်မ ၉ တွင် တည်ဆဲဥပဒေတစ်ရပ်ရပ်၌ အတိအလင်းခွင့်ပြုထားခြင်း မရှိလျှင် နိုင်ငံတော်သမ္မတ၏ ကြိုတင်ခွင့်ပြုမိန့် (သို့မဟုတ်) ပြည်ထောင်စုအစိုးရ၏ ကြိုတင်ခွင့်ပြုမိန့်မရဘဲ နိုင်ငံသားတစ်ဦးဦးကို လူ့ဂုဏ်သိက္ခာ ထိခိုက်စေနိုင်သော နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံထောက်ခြင်း၊ စုံစမ်းခြင်း၊ ၀င်ရောက်ရှာဖွေသိမ်းဆည်းခြင်း (သို့မဟုတ်) ဖမ်းဆီးခြင်းမပြုရဟု ရေးဆွဲထားသည်။

သို့ဖြစ်ရာ နိုင်ငံတော်လုံခြုံမှုများနှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် သမ္မတအဆင့်အထိ ခွင့်ပြုမိန့် တောင်းနေလျှင် အချိန်ကြန့်ကြာမည်ဖြစ်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုမိန့်ဖြင့်ဆောင်ရွက်ပါက ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။ ပုဒ်မ ၉ တွင် ရေးဆွဲထားသော နိုင်ငံတော်သမ္မတ၏ ကြိုတင် ခွင့်ပြုမိန့် (သို့မဟုတ်) ပြည်ထောင်စုအစိုးရ၏ ကြိုတင်ခွင့်ပြုမိန့်ဟူသည့်နေရာ၌ သက်ဆိုင်ရာဝန်ကြီးဌာန၏ ကြိုတင် ခွင့်ပြုမိန့်ဖြင့် ပြင်ဆင်အဆိုပြုလိုကြောင်း ၎င်းက ဆွေးနွေးသည်။

ဥပဒေပါ ပြဋ္ဌာန်းချက်များကြောင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများ စိုးရိမ်ကြောင့်ကြစိတ်များဖြစ်ပေါ်ပြီး စွန့်လွှတ် စွန့်စား တာဝန်ထမ်းဆောင်လိုစိတ်များ အထိုက်အလျောက် လျော့နည်းနိုင်ကြောင်း ဗိုလ်မှူးအောင်ကိုဝင်းက ဆွေးနွေး သည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကြမ်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအဖြစ် ပြဋ္ဌာန်း၍မရသည့် ဥပဒေဖြစ်ကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဒေါ်နန်းနီနီအေး က ဆွေးနွေး သည်။‘‘ဥပဒေကြမ်း၏ ပုဒ်မ ၇ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ရာရောက်နေတာကို နှိုင်းယှဉ်လေ့လာကြည့်ရင် တွေ့နိုင်မှာဖြစ်ပါတယ်။ ပုဒ်မ ၈(က) မှ (ဆ)ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇၆ နဲ့ ဆိုလိုရင်း တစ်စိတ်တစ်ပိုင်း ဆန့်ကျင်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်’’ ဟု ၎င်းက ပြော ကြားသည်။

ဥပဒေကြမ်း၏ ပုဒ်မ ၇ တွင် ‘မည်သူမျှ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး တရားရုံး၏ ခွင့်ပြုချက် မရရှိဘဲ မည်သူ့ကိုမျှ ၄ နာရီထက် ကျော်လွန်၍ ချုပ်နှောင်ထားခြင်းမပြုရ’ ဟု ရေးဆွဲထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၇၆ တွင်မူ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အများပြည်သူအကျိုးဌာ ဥပဒေနှင့်အညီ ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်သောကိစ္စ (သို့မဟုတ်) တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄  နာရီ ထက်ပို၍ ချုပ်နှောင်ခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။

‘‘ဒီဥပဒေကြမ်းဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ခြင်းကိုလည်း ထိပါးစေပြီး လူတစ်ဦး တစ်စုတစ်ဖွဲ့ အကျိုးစီးပွားကို လည်း ကာကွယ်ပေးထားတဲ့ ဥပဒေဖြစ်တဲ့အပြင် နိုင်ငံသူ၊ နိုင်ငံသားများရဲ့ လုံခြုံမှု၊တည်ငြိမ်အေးချမ်းမှုကို ယခုထက် ပိုမိုထိပါးလ စေနိုင်တဲ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း ဆန့်ကျင်နေတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ  ဥပဒေ အဖြစ် ပြဋ္ဌာန်းလို့မရတဲ့ ဥပဒေဖြစ်ပါတယ်’’ဟု ဒေါ်နန်းနီနီ အေးကပြောသည်။

သမ္မတရုံးဝန်ကြီးဟောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက လုံခြုံရေးတာ ၀န်ယူရသော အဖွဲ့ အစည်းများ၏ လုပ်ဆောင်ခွင့်ကို ပိတ်ပင်သည့် ဥပဒေသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်မှု မပြုနိုင်ရန် ဦးတည်သည့် ဥပဒေဖြစ်ခြင်း၊ လက်ရှိ သမ္မတကြီးဦးထင်ကျော် အစိုးရကို နိုင်ငံတော်လုံခြုံရေးကိစ္စ မျက် စိပိတ် နားပိတ်မဖြစ်စေလိုသောကြောင့် ပြဋ္ဌာန်းခြင်းမပြုသင့်ကြောင်း အကြံပြုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များက ယင်းဥပဒေကြမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း ညီကြောင်း ဆွေးနွေးသည်။ ‘‘ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်းကွက်တိပါပဲ’’ ဟု ဒီချုပ် ကိုယ်စားလှယ် ဦးဌေးဦးကပြော သည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများအနက် တစ်စိတ်တစ်ပိုင်းကို ကာကွယ်ပေးနိုင်မည့် ဥပဒေဖြစ် ကြောင်း ဒီချုပ်ကိုယ စားလှယ် ဒေါ်မြတ်သီတာထွန်းက ဆွေးနွေးသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ က ပြန်လည်ကြားနာရန် ဆုံးဖြတ်ခဲ့သည်။ # 7 Day Daily


Leave a Reply