နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး ရာထူးတိုးခွင့်ရတော့မည်

နိုင်ငံ့ဝန်ထမ်းများ၏ အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားမှုပေါ်မူတည်ပြီး ရာထူးတိုး မြှင့်ခြင်းခံစားခွင့် ရှိရမည်ဆိုသည့်အချက်ကို နိုင်ငံ့ဝန်ထမ်း ဥပဒေပြင်ဆင်ချက်တွင် ထည့်သွင်း အတည်ပြုထားသည်ဟု သိရသည်။

နိုင်ငံ့ဝန်ထမ်း ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းကို  အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင် ချက်အတိုင်း  စက်တင်ဘာလ ၂ဝ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ထိုဥပဒေတွင် ဝန်ထမ်းသည်အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားမှုအပေါ် မူတည်၍ သက်ဆိုင်ရာ အရည်အချင်းစစ်ဆေးရေးအဖွဲ့၏ ထောက်ခံမှုအရ ချီးမြှင့်မြှောက်စားသည့်အနေဖြင့် ရာထူးတိုးမြှင့်ခြင်းကို ခံစား ပိုင်ခွင့်ရှိသည်” ဟု အသစ် ထည့်သွင်းရေးဆွဲထားခြင်းဖြစ်သည်။

ထိုဖြည့်စွက်ချက်အရ အရည်အချင်းရှိ ဝန်ထမ်းတစ်ဦးအနေနှင့် သက်ဆိုင်ရာအကဲဖြတ်အဖွဲ့က ထောက်ခံချက် ပေးပါက အရည်အချင်းနှင့် ကိုက်ညီသော အမြင့်ဆုံး ရာထူးကို ရပိုင်ခွင့်ရှိမည်ဟု အမျိုးသားလွှတ်တော် ဥပဒေ ကြမ်းကော်မတီဝင် မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ် ၂ မှ ဒေါ်နွယ်နွယ်အောင်က ရှင်းလင်းပြောကြားခဲ့သည်။

”အရင်တုန်းကဆိုရင် ဝန်ထမ်းတစ်ယောက်က ရာထူးတစ်ခုတက်ဖို့ဆိုရင် အဆင့်ဆင့်စောင့်ရတာရှိတယ်။ တစ်ခါတစ်ရံမှာ ဝန်ထမ်းတစ်ယောက်က ပင်စင်သွားပေမယ့် လို့ သူ့နေရာမှာ ကျွမ်းကျင်သူအနေနဲ့ဆက်ပြီး ခန့်တာတွေရှိတယ်။ အဲ့ဒီတော့ အောက်ကဝန်ထမ်းတွေက အရည်အချင်းရှိပေမယ့် ဆက်ပြီးတော့ မတက်နိုင်ဘူး ဖြစ်နေ တယ်။ တစ်ခါတလေ အဲ့ဒီနေရာ မရောက်တော့ဘဲနဲ့ ပင်စင်ယူသွားတဲ့ အနေအထားမျိုးတွေ ရှိတယ်” ဟု ၎င်းကပြောသည်။

နိုင်ငံဝန်ထမ်းဥပဒေတွင် အခန်း ၁၄ ခန်းနှင့် ဥပဒေပုဒ်မ ၇၆ ခုပါရှိပြီး ထိုဥပဒေအား သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ၂ဝ၁၃ ခုနှစ် မတ်လ ၁၃ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

Popular News Journal


Leave a Reply