ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာ သဘင်သို့ သွားရောက်ဖူးမြော်ခြင်းနှင့် အလှူတော်ငွေလှူဒါန်း

မန္တလေး ဇွန် ၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ယနေ့ ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဗန်မော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော်၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ သက်တော်(၉၄) နှစ်၊ သိက္ခာတော် (၇၄)ဝါရှိ မထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အတွက် အလှူတော်ငွေ သိန်း ၃၀ ကျပ်ကို ဗန်မော်ကျောင်းတိုက်သို့ သွားရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
ဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ပါတီတာဝန်ရှိသူများသည် နဝမမြောက် ဗန်မော်ဆရာတော်ဘုရားကြီး၏ရုပ်ကလာပ်တော်အား ဖူးမြှော်ကြည်ညိုခဲ့ပြီး အန္တိမအဂ္ဂိဈာပနပူဇာသဘင်ကျင်းပရေး ကော်မတီအား အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျင်းပရေးကော်မတီမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို သွားရောက်ဖူးမြော်ကြည်ညိုခြင်းနှင့်အလှူငွေပေးအပ်ရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ ပါတီအထွေထွေ အတွင်းရေးမှူး ဦးသောင်းအေး၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကျော်မိုးနှင့်ပါတီတာဝန်ရှိသူများ ပါဝင်ခဲ့ကြောင်းသိရပါသည်။
ထို့အပြင် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗန်းမော်ကျောင်းတိုက်အတွင်းရှိ သံဃာတော်အရှင်သူမြတ်များအား အာရုဏ်ဆွမ်းကပ်လှူခြင်း ပါတီဝင် ၅၀ ဦးမှလည်း နေ့စဉ် စတုဒိသာ ကျွေးမွေးရာတွင် ပါဝင်လုပ်အားပေးလျက်ရှိကြောင်းသိရသည်။ #usdp #myanmar