လန်ဒန် ကောင်းကင်မှာ ဒရုန်းတွေနဲ့ QR Code ပုံဖော်ခဲ့

လန်ဒန် သိမ်းမြစ် ကောင်းကင်မှာ ပုံမှန် မဟုတ်တဲ့ မြင်ကွင်းကို မြင်ခဲ့ရပါတယ်။ အဲဒါကတော့ ခရမ်းရောင် QR Code ကြီး ဖြစ်ပါတယ်။
အဲဒီ Code ကို ဒရုန်းရာပေါင်းများစွာနဲ့ ပုံဖော်ခဲ့ကြတာ ဖြစ်ပြီး ဒရုန်းတွေဟာ ပုံသဏ္ဍာန်မျိုးစုံနဲ့ ပျံသန်းနေကြရင်းကနေ နောက်ဆုံးမှာ အရွယ်ကြီး QR Code ကို စက္ကန့် ၂၀ ကြာ ပုံဖော်ခဲ့ကြပါတယ်။
အဲဒီ Code ကို စကင်ဖတ်လိုက်ရင် အာမခံ ကုမ္ပဏီ Beazley ရဲ့ မားကတ်တင်း ဝက်ဘ်စာမျက်နှာကို ရောက်သွားမှာ ဖြစ်ပါတယ်။
Beazley က သိမ်းမြစ်ရဲ့ ဘေးဘက် Magazine London မှာ ကျင်းပတဲ့ကုမ္ပဏီရဲ့ ပွဲ ၁ ခုမှာ ဒရုန်း ၄၀၀ ကို အသုံးပြုခဲ့တာလို့ ပြောပါတယ်။
ပွဲတက်လာတဲ့ ဧည့်သည်တွေကတော့ ဒရုန်းတွေနဲ့ QR Code ပုံဖော်တာကို သိနားလည်ကြပေမယ့် တခြားလူတွေကတော့ ဘာမှန်းသိမှာ မဟုတ်ပါဘူး။
သိမ်းမြစ်မှာ ဒရုန်း ပြပွဲတွေကို အရင်ကလည်း ပြုလုပ်ခဲ့ဖူးပါတယ်။ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ လန်ဒန်ရဲ့ နှစ်သစ်ကူး ပွဲတော်တွေမှာ ဒရုန်းတွေကို အသုံးပြုခဲ့ပါတယ်။

Ref : businessinsider