မက်ဒရစ်အိုးပင်းတွင် ချန်ပီယံဆုကာကွယ်နိုင်ခဲ့သည့် အယ်လ်ကာရက်ဇ် ကမ္ဘာ့အဆင့်တစ်နေရာရယူရန် နီးစပ်နေ

မာစတာ ၁၀၀၀ စီးရီးတင်းနစ်ပြိုင်ပွဲဖြစ်သည့် မက်ဒရစ်အိုးပင်းပြိုင်ပွဲတွင် စပိန်တင်းနစ်သမား ကားလို့စ်အယ်လ်ကာ ရက်ဇ် ချန်ပီယံဆု ကာကွယ်နိုင်ခဲ့ပြီးနောက် ကမ္ဘာ့အဆင့်တစ်နေရာရယူရန် နီးစပ်နေကြောင်း သိရသည်။
အယ်လ်ကာရက်ဇ်သည် ယခုပြိုင်ပွဲတွင် ဆီဒင် ၁ သတ်မှတ်ခံထားရပြီး ဒုတိယအဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရသည်။
၎င်းအနေဖြင့် တတိယအဆင့်တွင် ဒီမီထရော့ဗ် (ဘူလ်ဂေးရီးယား၊ ဆီဒင် ၂၆)၊ စတုတ္ထအဆင့်တွင် ဇီဗာရက်ဗ် (ဂျာမနီ၊ ဆီဒင် ၁၃)၊ ဆီမီးဖိုင်နယ်တွင် ဘော်နာချော်ရစ် (ခရိုအေးရှား၊ ဆီဒင် ၁၇) စသည့် နာမည်ရ ကစားသမားများကို ကျော်ဖြတ်၍ ဗိုလ်လုပွဲ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်လုပွဲတွင် Lucky Loser(LL) အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သူ ဂျာမနီကစားသမား ယန်းလန်းနက်စထော့ဖ်နှင့် တွေ့ဆုံ ခဲ့ပြီး ၂-၁ ပွဲဖြင့် အနိုင်ရခဲ့သည်။
ပထမပွဲတွင် အယ်လ်ကာရက်ဇ်က ၆-၄ ဖြင့် အနိုင်ရသော်လည်း ဒုတိယပွဲတွင် စထော့ဖ်က ၆-၃ ဖြင့် ပြန်လည်အနိုင်ရခဲ့သည်။
ထို့ကြောင့် နောက်ဆုံးပွဲအထိ ဆက်လက်ယှဉ်ပြိုင်ခဲ့ရပြီး အယ်လ်ကာရက်ဇ်က ၆-၃ ဖြင့် ထပ်မံအနိုင်ယူကာ ချန်ပီယံဆကာကွယ်နိုင်ခဲ့သည်။
အသက် ၂၀ သာရှိသေးသူ အယ်လ်ကာရက်ဇ်သည် တစ်နိုင်ငံတည်းသားဖြစ်သူ မြေစေးကွင်းဘုရင် ရာဖေးလ် နဒါးလ်(၂၀၁၃၊ ၂၀၁၄)ပြီးလျှင် မက်ဒရစ်အိုးပင်းပြိုင်ပွဲ၌ နှစ်နှစ်ဆက်ဗိုလ်စွဲသည့် ဒုတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
အယ်လ်ကာရက်ဇ်သည် ယခုနှစ်အတွင်း ပြိုင်ပွဲငါးခုတွင် ဗိုလ်လုပွဲတက်ရောက်ထားပြီး အာဂျင်တီးနားအိုးပင်း၊ အင်ဒီးယန်းဝဲလ်စ်မာစတာ၊ ဘာစီလိုနာအိုးပင်းနှင့် မက်ဒရစ်အိုးပင်းပြိုင်ပွဲတွင် ဗိုလ်စွဲထားသည်။
၎င်းအနေဖြင့် ယခုနှစ်အတွင်း ရမှတ်အများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသလို ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် ထိပ်ဆုံးနေရာမှ ဂျိုကိုဗစ်(ဆားဘီးယား)နှင့် ငါးမှတ်သာ ကွာဟတော့သည်။
သို့ဖြစ်ရာ အယ်လ်ကာရက်ဇ်သည် မေ ၉ ရက် (ယနေ့) စတင်ကျင်းပမည့် ရောမမာစတာပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရုံဖြင့် ကမ္ဘာ့အဆင့်တစ်နေရာကို ပြန်လည်လွှဲပြောင်းရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။