ဆွီယာတက်ခ်ကိုအနိုင်ယူပြီး မက်ဒရစ်အိုးပင်းချန်ပီယံဆုကို ဆာဘာလန်ကာရရှိ

ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာဟာ ၂၀၂၃ ခုနှစ် မက်ဒရစ်အိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။
စနေညက ကစားသွားခဲ့တဲ့ ဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့် ၁ ပိုလန်တင်း နစ်မယ် ဆွီယာတက်ခ်နဲ့ ကမ္ဘာ့အဆင့် ၂ ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာတို့ ဆုံတွေ့ ခဲ့ကြတာဖြစ်ပါ တယ်။
ပြီးခဲ့တဲ့ ၂ ပတ်က စတုဂတ်အိုးပင်းဖိုင်နယ်မှာ ဆွီယာတက်ခ်ကိုရှုံးနိမ့်ထားတာကြောင့် အခုပွဲမှာ ဆာဘာလန်ကာ ရှုံးကြွေးဆပ်ဖို့ သေချာပြင်ဆင်ခဲ့တာပါ။ မက်ဒရစ်အိုပင်း လက်ရှိချန်ပီယံဖြစ်တဲ့ ဆွီယာတက်ခ် ကလည်း အကောင်းဆုံးပုံစံနဲ့ ဆာဘာလန်ကာကို ရင်ဆိုင်ခဲ့လို့ ပွဲကအကြိတ်အနယ်ရှိခဲ့ပါတယ်။
ပွဲကစားချိန်(၂)နာရီနဲ့(၂၆)မိနစ်ကြာမြင့်ခဲ့ပြီးနောက် ဆာဘာလန်ကာက ဆွီယာတက်ခ်ကို (၆း၃၊ ၃း၆၊ ၆း၃)ဆိုတဲ့ ရလဒ်နဲ့အနိုင်ရခဲ့ပြီး အခုနိုင်ပွဲဟာ ဆာဘာလန်ကာအနေနဲ့ မြေစေးကွင်းမှာ ဆွီယာတက်ခ်ကို ပထမဆုံးအကြိမ် အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။ ဆာဘာလန်ကာ အတွက် အခုချန်ပီယံဆုဟာ ကစားသမားဘဝ ဒုတိယမြောက် မက်ဒရစ်အိုးပင်းချန်ပီယံဆုလည်း ဖြစ်လာခဲ့ပါတယ်။