ချန်ပီယံစိန်ခေါ်ပွဲ ထိုးသတ်ခွင့်ရလိုသော်လည်း One နှင့် စာချုပ်သက်တမ်းတိုးဖြစ်မှသာ ထိုးသတ်နိုင်မည်ဟု အောင်လအန်ဆန် ပြောကြား

မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်က ၎င်းလက်လွှတ်ခဲ့ရသည့် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ပြန်လည်ရယူနိုင်ရန် စိန်ခေါ်ပွဲထိုးသတ်ခွင့်ရလိုသော်လည်း ONE Championship အဖွဲ့အစည်းနှင့် စာချုပ်သက်တမ်းတိုးဖြစ်မှသာ ထိုးသတ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
အောင်လအန်ဆန်က “ဖန်ယုံနဲ့ပွဲအတွက် ကျွန်တော် သေချာပြင်ဆင်ခဲ့ပါတယ်။ ဒီပွဲအတွက် အချိန်ယူပြီး ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ အနိုင်ရခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ ကျွန်တော့်ကို အားပေးနေတဲ့ မြန်မာနိုင်ငံက ပရိသတ်တွေ၊ ကချင်တိုင်းရင်းသားတွေကို အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီပွဲအနိုင်ရခဲ့တဲ့အတွက် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲ ထိုးသတ်ခွင့်ရမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ONE နဲ့ ကျွန်တော်ချုပ်ဆိုထားတဲ့ စာချုပ်အရ ဒီပွဲက နောက်ဆုံးပွဲဖြစ်ပါတယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာ မသိသေးပါဘူး။ စာချုပ်သက်တမ်းတိုးဖြစ်မှပဲ ကမ္ဘာ့ချန်ပီယံဆုစိန်ခေါ်ပွဲ ထိုးသတ်ခွင့်ရမှာပါ” ဟု ပြောကြားသည်။
အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတွင် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို အရေးနိမ့်ကာ လက်လွှတ်ခဲ့ရပြီး ယင်းနောက်ပိုင်းတွင် စိန်ခေါ်ပွဲငါးပွဲထိုးသတ်ရာ လေးပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။
အောင်လအန်ဆန်သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီက ထိုးသတ်သည့်ပွဲတွင် ဘစ်ဒက်ရှ်ကို အရေးနိမ့်ခဲ့သဖြင့် ချန်ပီယံစိန်ခေါ်ပွဲ ထိုးသတ်ခွင့်ရရန် ထပ်မံစောင့်ဆိုင်းနေရခြင်းဖြစ်သည်။ Eleven