” အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက် “

နွေရာသီတွင် ရာသီဥတုပူပြင်းမှုကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ်အတွင်းရှိရေနှင့် ဓာတ်ဆားဓာတ်များ ဆုံးရုံးမှုပိုမိုများပြားလာပါသည်။ အပူဒဏ်အန္တရာယ်ကြောင့် အပူဒဏ် ကြောင့် ဖောယောင်ခြင်း (Heat edema)၊ မိတ်နှင့် ယားနာများထွက်ခြင်း(Heat rashes)နှင့် ကြွက်တက်ခြင်း(Heat cramps) စသည့် ရောဂါဝေဒနာများအား ခံစားရရှိနိုင်ပါသည်။

ရောဂါပိုမိုဆိုးရွားလာပါက အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat exhaustion)နှင့် မူးမေ့ခြင်း (Heat syncope)တို့ကိုပါ ခံစားရနိုင်ကာ ပိုမိုပြင်းထန် ဆိုးရွား လာပါက အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat stroke) အထိ ဖြစ်ပွားစေနိုင်သည်။

အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat exhaustion) ခံစားရပါက အောက်ဖော်ပြပါ ရောဂါလက္ခဏာများအား ခံစားရနိုင်ပါသည်။

– ပျို့ခြင်း (သို့) ဂနာမငြိမ်ဖြစ်ခြင်း

–  ခေါင်းမူးနောက်ခြင်း

– ကြွက်သားများ ကြွက်တက်ခြင်းနှင့် အားပျော့ခြင်း

– မူးမိုက်ခြင်း

– ခေါင်းကိုက်ခြင်း

– နုံးချိခြင်း

– ရေဆာခြင်း

– ချွေးအလွန်အကျွံထွက်ခြင်း

– ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း

ရောဂါပိုမိုပြင်းထန်ဆိုးရွားလာ၍ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ခံစားရပါက အောက် ဖော်ပြပါ ရောဂါလက္ခဏာများအား ခံစားရနိုင်ပါသည်။

– အရေပြား ပူ၍ခြောက်သွေ့ခြင်း (သို့) ချွေးအလွန်အကျွံထွက်ခြင်း

– စိတ်ရှုပ်ထွေးခြင်း

– သတိလစ်ခြင်း

– တက်ခြင်း

– ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်း တို့ဖြစ်ပါသည်

အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် အောက်ပါအချက်များကို တိုက်တွန်းနှိုးဆော်အပ်ပါသည်။

၁။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုး ရောဂါအခံရှိသူများအနေဖြင့် နေ့လယ် နေ့ခင်းအချိန်တွင် အရိပ်ရအေးမြ၍ လေဝင်လေထွက် ကောင်းသော နေရာများတွင် နားနေပါ။

၂။ ပူပြင်းသည့်နေရောင်တွင် ပင်ပန်းစွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ် ခြင်းတို့ကို ရှောင်ကြဉ်ပါ။

၃။ ပူပြင်းသည့်နေရောင်အောက်တွင် သွားလာလှုပ်ရှားရန်၊ အလုပ်လုပ်ရန် လိုအပ်ပါက လည်း အရိပ်လုံလောက်စွာရနိုင်သည့် ထီး၊ ဦးထုပ်များဆောင်းသွားပါ။ အရိပ်ရအေးမြသည့် နေရာများတွင် ခေတ္တအနားယူခြင်းကိုလည်း မကြာခဏပြုလုပ်ပါ။

၄။ အလင်းပြန်သော အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့သော ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ။

၅။ နေပူထဲမှ ပြန်လာပြီးချက်ချင်း ရေချိုးခြင်းနှင့် မနက် (၁၀) နာရီမှ ညနေ (၅) နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွတ်ခြင်း၊ ရေချိုးခြင်းစသည် တို့ကို ရှောင်ကြဉ်ပါ။

၆။ အရက်သေစာသောက်သုံးခြင်းကြောင့် အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရစေနိုင်ပြီး ဖြစ်ပွားပါက ပိုမိုပြင်းထန်စွာ ခံစားရနိုင်သဖြင့် ရှောင်ကြဉ်ပါ။

၇။ ခန္ဓာကိုယ်အတွင်းရေနှင့် ဓာတ်ဆားဓာတ်များဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ရေနှင့် ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးပါ။

၈။ မိတ်နှင့် ယားဖုများ ထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်ပါ။

၉။ အပူဒဏ်အန္တရာယ်ခံစားရသော လူနာအားအရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်း သော နေရာတွင် ထားရှိခြင်း၊ ရေနှင့်ဓာတ်ဆားရည်များ သောက်သုံးစေခြင်း၊ လူနာ၏ ခန္ဓာကိုယ် အပူချိန်အမြန်ကျဆင်းစေရန် နဖူး၊ လည်ပင်း၊ ချိုင်းကြား (၂) ဖက်နှင့် ပေါင်ခြံ (၂) ဖက်တို့အား ရေအေးပတ်တိုက်ပေးခြင်း စသည်တို့အား ဦးစွာဆောင်ရွက်၍ နီးစပ်ရာ ဆေးရုံ/ ဆေးခန်း/ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသ၍  ကုသမှုခံယူစေပါ။