ဂျပန်မှ မြန်မာလုပ်သား ၁၂၀၀ ကျော်ထပ်မံခေါ်ယူ

ဂျပန်နိုင်ငံရှိကုမ္ပဏီများ၌အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား ၁၂၅၀ ကိုထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ တိုကျိုမြို့က အသိပေးထုတ်ပြန်ထားသည်။

မြန်မာသံရုံး၊ တိုကျိုမြို့မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ ဧပြီလ (၁၈) ရက်နေ့အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၃၈၃) ခုနှင့်ပတ်သက်ပြီး အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သံရုံးအနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို အချိန်နှင့် တစ်ပြေးညီ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံ၌ တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိနှင့်စာရွက်စာတမ်းအထောက်အထားများအား စိစစ်၍ တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည် ပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အလုပ်ကမ်းလှမ်းစာ ၃၈၃ စောင်အတွက် မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး တရားဝင်လိုင်စင်ရ ကုမ္ပဏီများက မြန်မာအလုပ်သမားများအား စေလွှတ်သွားမည်ဖြစ်သည်။

မြန်မာလုပ်သားပြန်လည်ခေါ်ယူသည့် ၁ နှစ်အတွင်း ဂျပန်နိုင်ငံကိုသွားရောက်လုပ်ကိုင်သည့် မြန်မာလုပ်သားဦးရေ ၁၅,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။