အွန်လိုင်းမှာ တရားမဝင်ပညာသင်ကြားနေပြီး PDF ကို ထောက်ပံ့နေတဲ့ကျောင်းတစ်ကျောင်းက ကျောင်းတာဝန်ခံနဲ့ ဆရာ၊ဆရာမ ၁၅ ဦးကို နစက ဖမ်းဆီး

မန္တလေး   ဧပြီ – ၅

အွန်လိုင်းမှာ တရားမဝင်ပညာသင်ကြားနေပြီး PDF ကို ထောက်ပံ့နေတဲ့ Federal School of Aung Myay Thar Zan လို့ အမည်ရတဲ့  ကျောင်းတစ်ကျောင်းက ကျောင်းတာဝန်ခံနဲ့ ဆရာဆရာမ  ၁၅ ဦးကို  နစက က ဖမ်းဆီးလိုက်ပြီ ဖြစ်တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

Federal School of Aung Myay Thar Zan ရဲ့ ကျောင်းတာဝန်ခံဖြစ်သူ အိရွှေစင်မြင့်ကို အောင်မြေသာစံမြို့နယ်က သူမရဲ့ နေအိမ်မှာရှိနေစဉ် မတ်လ ၂၂ ရက်နေ့က နစက က ဖမ်းမီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သူမကို စစ်ဆေးချက်အရ သူမနဲ့အတူ Federal School of Aung Myay Thar Zan မှာ သင်ကြားရေးကိစ္စတွေ ဆောင်ရွက်နေတဲ့ တင်တင်လတ်၊ စန်းစန်းဝင်း၊ ခိုင်မာသန်း၊ နေကြည်ဝင်း၊ ခင်ကြည်မာဝေ၊ အေးမြတ်မွန်၊ ကျော်စန်းထွေး၊ ဇော်မျိုးထွန်း၊ ခင်နွယ်ဦး၊ ယဉ်ယဉ်မင်း၊ ခင်မြတ်နိုး၊ ခိုင်မာဖြိုး၊ အိအိအောင်နှင့် ချောစုသန်းစတဲ့ ဆရာ၊ဆရာမ စုစုပေါင်း ၁၄ ဦးကို သူတို့ရဲ့ နေအိမ်အသီးသီးက ထပ်မံ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ နစကက သတင်းထုတ်ထားပါတယ်။

ဖမ်းဆီးခံရသူတွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ Federal School of Aung Myay Thar Zan ကျောင်းကို  ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ပြီး Online စနစ်နဲ့ ဖွင့်လှစ်သင်ကြားခဲ့တာဖြစ်ပြီး ကျောင်း သား/ကျောင်းသူတွေဆီက ကောက်ခံရရှိတဲ့ ငွေကြေးတွေကို PDF အဖွဲ့တွေဆီ ထောက်ပံ့ပေးအပ်ခဲ့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ စုံစမ်းဖော်ထုတ်မိတယ်လို့လည်း နစက က ဆိုပါတယ်။

လက်ရှိအချိန်မှာ ဖမ်းဆီးရမိသူတွေကို ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ငွေကြေးထောက်ပံ့ပေးသူတွေ၊ အဆိုပါပညာရေးမှာ ပူးပေါင်းပါဝင်သူတွေကိုလည်း ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် တရားမဝင်ပညာသင်ကြားမှုအစီအစဉ်မှာ စာရင်းပေးသွင်းပြီး အတန်းတွေ တက်ရောက်စေခဲ့တဲ့ မိဘများ တွေနဲ့ ကျောင်းသား/ကျောင်းသူတွေကိုလည်း ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ #pan