ရန်ကုန်လေဆိပ်တွင် Grab တက္ကစီဝန်ဆောင်မှု စတင်ပြေးဆွဲ
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လေဆိပ်ဝန်ဆောင်မှု အသုံးပြုသူ ခရီးသည်များ ပိုမိုအဆင်ပြေချောမွေ့သော ခရီးသွားလာမှုအတွက် Grab Airport Taxi ဝန်ဆောင်မှုကို ဧပြီ ၃ ရက်မှ စတင်၍ ဝန်ဆောင်မှု ပေးလျက်ရှိပြီဖြစ်ကြောင်း Yangon International Airport မှ သိရသည်။
အဆိုပါ ဝန်ဆောင်မှုအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ပြည်တွင်းပြည်ပ Terminals နှစ်ခုလုံးတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး ခရီးသည်များအနေဖြင့် Grab App ကိုအသုံးပြု၍ဖြစ်စေ၊ Grab App မရှိသည့် ခရီးသည်များအနေဖြင့် လေဆိပ်အတွင်းရှိ Grab Taxi Service Counter များ၏ Web-Booking Services မှတစ်ဆင့်လည်း ဝန်ဆောင်မှုအတွက် ဘွတ်ကင်တင်နိုင်မည်ဖြစ်ကာ စီးနင်းလိုက်ပါမည့် အငှားယာဉ်အား သတ်မှတ်ထားသော စောင့်ဆိုင်းဧရိယာမှသာ စောင့်ဆိုင်းပေးကြရန်လည်း တိုက်တွန်းထားသည်။
ထို့ပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အနေဖြင့်လည်း Grab Airport Taxi ဝန်ဆောင်မှုဖြင့် လေဆိပ် ဝန်ဆောင်မှု အသုံးပြုသူ ခရီးသည်များ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍအား အထောက်အကူပြုမည်ဟု ယုံကြည်ထား ကြောင်း သိရသည်။