AI ဉာဏ်ရည်တု နည်းပညာကဏ္ဍ ၆ လဆိုင်းငံဖို့ ပညာရှင်တွေ တောင်းဆို

Artificial Intelligence (AI) လို့ခေါ်တဲ့ ဉာဏ်ရည်တုနည်းပညာကဏ္ဍမှာ လုံခြုံ ဘေးကင်းရေး ဆိုင်ရာ အစီအမံတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ အတွက် ၆ လ ကြာ လုပ်ငန်းတွေ ဆိုင်းငံထားဖို့ အဆင့်မြင့် နည်းပညာကဏ္ဍက နာမည်ကျော်ကြားသူတွေနဲ့ ပညာရှင်တွေက လက်မှတ်ထိုး စာထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။ အဲဒီ အိတ်ဖွင့်ပေးစာမှာ ကြာသပတေးနေ့ အစောပိုင်းအထိ လူပေါင်း ၁,၄၀၀ လောက် လက်မှတ်ထိုးထားပြီး အဲဒီထဲမှာ နည်းပညာ သူဌေးကြီး အီလွန်မတ်စ်၊ Apple နည်းပညာ ကုမ္ပဏီ ကို ပူးတွဲတည်ထောင်သူ စတိဗ် ဝါဇနီယာခ် တို့လို ထင်ရှားသူတွေ ပါဝင်ပါတယ်။

ဒီစာကို ပရဟိတအဖွဲ့တခု ဖြစ်တဲ့ “Future of Life Institute” အဖွဲ့က ကမကထ လုပ်ခဲ့တာပါ။ ဒီအဖွဲ့ဟာ နည်းပညာ ထွန်းကားမှုတွေက လူတွေအပေါ်  အကျိုးပြုစေပြီး အန္တရာယ်ကင်းစေဖို့ ထိန်းကျောင်းပေးတဲ့ အဖွဲ့ တခု ဖြစ်ပါတယ်။

ဉာဏ်ရည်တု နည်းပညာ (AI) ဟာ အလျင်အမြန်နဲ့မြန်နဲ့ တိုးတက်နေပြီး ကဏ္ဍ အများအပြားမှာ လူသားတွေရဲ့  စွမ်းဆောင်ရည်ကို ကျော်လွန်သွားပုံကို အဲဒီ စာထဲမှာ အသိအမှတ်ပြုထားပါတယ်။ တဖက်မှာလည်း AI ကိုအသုံးပြုပြီး ဆေးဝါးကုသနည်းအသစ်တွေကို ဖန်တီးရာမှာ ဒါက လူ့အသက်ကို အန္တရာယ် ရှိနိုင်တဲ့ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယား ရောဂါပိုးတွေ ဖန်တီးဖို့ အလွယ်တကူအသုံးပြုနိုင်တာကို အဲဒီအဖွဲ့က ဥပမာပေးထားပါတယ်။

ဒါ့အပြင် ဆန်ဖရန်စစ္စကိုအခြေစိုက် OpenAI က နောက်ဆုံး တီထွင်လိုက်တဲ့ GPT-4 ဉာဏ်ရည်တု နည်းပညာက လိုင်စင်ရ ရှေ့နေဖြစ် ဘားစာမေးပွဲ စမ်းသပ် ဖြေဆိုတာမှာ အောင်မြင်ခဲ့တာကိုလည်း အဲဒီ အိတ်ဖွင့်ပေးစာမှာ ထောက်ပြထားပါတယ်။ GPT-4 ဟာ လူသားတဦးလိုပဲ ဝေဖန်ဆန်းစစ် နိုင်စွမ်းရှိသလို ရုပ်ပုံတွေကိုလည်း နားလည် တုံ့ပြန် နိုင်စွမ်းရှိကာ ပိုမို မှန်ကန်တိကျလာနေတာပါ။

ဒီအိတ်ဖွင့်ပေးစာမှာတော့ အကျိုးသက်ရောက်မှုက အပြုသဘောဆောင်ပြီး ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ထိန်းချုပ်နိုင်တယ်လို့ ယုံကြည်စိတ်ချရမှသာ GPT-4 လို အစွမ်းထက်တဲ့ ဉာဏ်ရည်တု နည်းပညာမျိုး ထုတ်သင့်တယ်လို့ ထောက်ပြထားပါတယ်။ ဒီလို ပရိုဂရမ်တွေက မဟုတ်မမှန်တဲ့ သတင်းနဲ့ ဝါဒဖြန့်မှုတွေမှာ အသုံးပြုလာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ ဒီ GPT-4 ထက် ပိုမိုအားကောင်းတဲ့ AI စနစ် လေ့ကျင့်ပေးနိုင်ဖို့ အတွက် AI စမ်းသပ်ဓာတ်ခွဲခန်းအားလုံးကို အနည်းဆုံး ၆ လကြာ ခဏရပ်ထားဖို့  တောင်းဆိုပါတယ်။

အလားတူ ပရဟိတနောက်ထပ် အဖွဲ့ တခုဖြစ်တဲ့ ဉာဏ်ရည်တုနည်းပညာနဲ့ ဒစ်ဂျစ်တယ်မူဝါဒ စင်တာကလည်း  GPT-4 စနစ်ကို ဆိုင်းငံ့ထားပြီး စုံစမ်းစစ်ဆေးတာတွေ လုပ်ဖို့ အမေရိကန် ဖက်ဒရယ် ကုန်သွယ်ရေး ကော်မရှင်ကို ကြာသပတေးနေ့က တိုင်ကြားထားပါတယ်။

GPT-4  စနစ်မှာ ဖန်တီးသူ ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ နည်းပညာဆိုင်ရာဖော်ပြချက် အရ သတင်းမှားနဲ့ သြဇာလွှမ်းမိုးမှုဆိုင်ရာလုပ်ဆောင်မှုတွေ၊ သမားရိုးကျနဲ့ သမားရိုးကျ မဟုတ်တဲ့ လက်နက်တွေ ပြန့်ပွားစေတာနဲ့  ဆိုက်ဘာလုံခြုံရေး အတွက် အန္တရာယ် ရှိနိုင်တယ်လို့ အဲဒီ တိုင်ကြားချက်မှာ ပြောထားပါတယ်။

-Ref:VOA