အောက်ဆီဂျင်အိုင်းယွန်း ဘက်ထရီအမျိုးအစားသစ် သုတေသီတွေတီထွင်

ဩစတြီးယားနိုင်ငံ ဗီယင်နာရှိ နည်းပညာတက္ကသိုလ်က သုတေသီတွေဟာ လစ်သီယမ်အိုင်းယွန်း ဘက်ထရီတွေထက် ကြီးမားတဲ့ စွမ်းအင်သိုလှောင်မှုမှာ အသုံးပြုနိုင်မယ့် အောက်ဆီဂျင်အိုင်းယွန်းဘက်ထရီအမျိုး သစ်တစ်ခုကို တီထွင်ဖန်တီးလိုက်ပါတယ်။

တီထွင်လိုက်တဲ့ အောက်ဆီဂျင် အိုင်းယွန်းဘက်ထရီရဲ့စွမ်းအင် သိပ်သည်းဆဟာလစ်သီယံအိုင်ယွန်း ဘက်ထရီ တွေလောက် မမြင့်မားပေမယ့်ထုတ်လုပ်မှုမှာ သဘာ၀ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်သလို အားသာချက်တွေလည်း ရှိတယ်လို့ သုတေသီတွေက ပြောပါတယ်။

အဓိကအချက်ကတော့ ဒီဘက်ထရီ အမျိုးအစားသစ်ဟာ အချိန်ကြာမြင့်လာတာနဲ့အမျှ လစ်သီယမ်အိုင်းယွန်း ဘက်ထရီတွေလိုမျိုး သိုလှောင်နိုင်စွမ်းကျဆင်းလာတာမျိုး မရှိဘူးလို့ သုတေသီတွေကဆိုပါတယ်။

ဒါကြောင့် လစ်သီယမ်အိုင်းယွန်းဘက်ထရီတွေထက် အချိန်ကြာမြင့်စွာ အသုံးပြုနိုင်မှာဖြစ်ပြီး ရှားပါးဒြပ်စင်တွေ မပါဘဲ ထုတ်လုပ်နိုင်သလို မီးလောင်နိုင်တဲ့ ပစ္စည်းတွေ မပါဝင်တဲ့အတွက် မီးလောင်ပေါက်ကွဲမှာ မစိုးရိမ်ရဘူးလို့ ပြောပါတယ်။

ဒါ့အပြင် လစ်သီယံအိုင်းယွန်း ဘက်ထရီအတွက် ရှားပါးမြေဒြပ်စင်တွေလိုအပ်ပေမယ့် အောက်ဆီဂျင် အိုင်းယွန်း ဘက်ထရီကတော့ အလွယ်တကူထုတ်ယူနိုင်တဲ့ပစ္စည်းတွေနဲ့သာ ထုတ်လုပ်ထားတာကြောင့် သဘာ၀ပတ်ဝန်း ကျင်ကို ထိခိုက်မှုမရှိဘူးလို့ သုတေသီတွေက ပြောဆိုထားပါတယ်။