ချီလီ၌ ကြက်ငှက်တုပ်ကွေးရောဂါအား လူနာတစ်ဦးထံမှ ပထမဆုံးတွေ့ရှိ

ဆန်တီ‌ယေဂို၊မတ် ၃၀

ချီလီနိုင်ငံ၌ ကြက်ငှက်တုပ်ကွေးရောဂါအား လူနာတစ်ဦးထံမှပထမဆုံးစတင်တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက မတ်လ ၂၉ ရက်နေ့၌သတင်းထုတ်ပြန်ကြေငြာခဲ့သည်။

အဆိုပါလူနာသည် အသက် ၅၃ နှစ်အရွယ်ရှိအမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည်ပြင်းထန်တုပ်ကွေး ရောဂါလက္ခဏာများလည်း ပြသနေကြောင်းသိရသည်။ သို့သော် ၎င်းသည် ပြင်းထန်တုပ်ကွေးရောဂါလက္ခဏာ ပြနေသော်လည်း လူနာအခြေနေမှာ တည်ငြိမ်နေဆဲဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရသည်။

အစိုးရဘက်မှလည်း ၎င်းလူနာရောဂါကူးစက်ခံရခြင်းအကြောင်းအရင်းကို ဆက်လက်စုံစမ်းနေပြီး ၎င်းနှင့်ထိတွေ့ ဆက်ဆံဖူးသူများကိုပါ လိုက်လံရှာဖွေနေကြောင်းသိရသည်။ ချီလီသည် ယမန်နှစ်နှောင်းပိုင်းကတည်းက တောရိုင်းတိရစ္ဆာန်များ၌ H5N1 ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကိုတွေ့ရှိကြောင်း အသိပေးပြောကြားခဲ့သည်။

လယ်ယာများ၌ မကြာသေးမီကဖြစ်ပွားခဲ့သော ကြက်ငှက်တုပ်ကွေးများကြောင့် အစိုးရအနေဖြင့် မွေးမြူရေး လုပ်ငန်းများနှင့် ကြက်သားနှင့် ကြက်ဥတင်ပို့မှုအား ယာယီရပ်ဆိုင်းခဲ့ရသည်။

အာဂျင်တီးနား၌လည်း ရောဂါဖြစ်ပွားမှုများကို စစ်ဆေးတွေ့ရှိရသော်လည်း ကမ္ဘာ့ကြက်ဥအများဆုံး တင်ပို့ရာနိုင်ငံတစ်ခုဖြစ်သည့် ဘရာဇီး၌မူ ကူးစက်ရောဂါကင်းစင်နေဆဲဖြစ်သည်။

ချီလီကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ကြက်ငှက်တုပ်ကွေးသည် ကြက်ငှက်နှင့်အဏ္ဏဝါနို့တိုက် သတ္တဝါများမှသာ လူသားများထံကူးစက်နိုင်ပြီး လူအချင်းချင်းကူးစက်မှုမျိုးမရှိသေးကြောင်းသိရသည်။

ယခုနှစ်အစောပိုင်းတွင်မူ အီကွေဒေါနိုင်ငံမှ လူအချင်းချင်းကူးစက်မှုတစ်ခုအား ပထမဆုံးအတည်ပြုခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးတာဝန်ရှိသူများကမူ ကြက်ငှက်တုပ်ကွေးသည် လူအချင်းအချင်း ကူးစက်နိုင်ချေ နည်းပါးသည်ဟု ပြောကြားထားသော်လည်း ကာကွယ်ဆေးထုတ်လုပ်သူများသည် လူသားများအတွက် ကြက်ငှက်တုပ်ကွေးကာကွယ်ဆေးအား ပြင်ဆင်နေကြပြီဖြစ်သည်။  Source : Reuters