ဘင်္ဂလားဒေ့ရှ်က ကမ္ဘာ့အကြီးဆုံး လမုတောမှာ ပလတ်စတစ်သုံးစွဲမှုတွေကိုပိတ်ပင်

ကမ္ဘာပေါ်က အကြီးဆုံး လမုတောကို လာရောက်ကြတဲ့ ခရီးသွားတွေက ပစ်ချခဲ့ကြတဲ့ အမှိုက်တွေက လမုတော ဂေဟစနစ်ကို ဖျက်ဆီးနေကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ပြောကြားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာမှာ တစ်ခါသုံး ပလတ်စတစ်တွေကို ပိတ်ပင်လိုက်ပါတယ်။

Sundarbans သစ်တောက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကမ်းရိုးတန်း တစ်ဖက်တစ်ချက်မှာ ခွလျက်တည်ရှိနေပြီး ဘင်ဂါလီကျား နဲ့ ဧရာဝတီလင်းပိုင်တွေ အပါအဝင် ကမ္ဘာပေါ်မှာ အရှားပါးဆုံး သတ္တဝါတွေ ကျက်စားနေထိုင်ကြပါတယ်။

အဲဒီ‌ သစ်တောကို တစ်နှစ်မှာ ခရီးသွား နှစ်သိန်းလောက်လည်ပတ်ကြပြီး ငါးဖမ်းသမားတွေနဲ့ သဘာဝ ပျားရည် စုဆောင်းသူတွေလည်း ရာသီအလိုက် ဝင်ရောက်ကြပါတယ်။

စတုရန်း မိုင်ပေါင်း ၂၅၀၀ ရှိတဲ့ ဒီရေတောမှာ တစ်ခါသုံးပလတ်စတစ်တွေကို ပိတ်ပင်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် သဘာဝပတ်ဝန်းကျင် ဝန်ကြီး မိုဟာမက်ရှာဟက်အူဒင် က တနင်္လာနေ့က ကြေညာခဲ့ပြီး အစိုးရရဲ့ ဆုံးဖြတ်ချက်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား‌တွေက ချီးကျူးကြိုဆိုခဲ့ကြပါတယ်။ -Ref:  AFP/gr