ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၅)ခရိုင်၊ မြို့နယ် (၁၂)မြို့နယ်မှ ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

မတ် ၂၅၊ မန္တလေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးလှထွန်းသည် ၂၅-၃-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး တိုင်းပါတီရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်သော ခရိုင် (၅)ခရိုင်၊ မြို့နယ် (၁၂)မြို့နယ်တို့မှ ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ခရိုင်/မြို့နယ်များမှ တက်ရောက်လာကြသူများက ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့် တစ်ဦးချင်းစီ မိတ်ဆက်ခဲ့ပြီး ပါတီဒုတိယဥက္ကဋ္ဌမှ ” ပါတီ၏ ဒုတိယကာလ ရက် (၉၀)စီမံချက်ပါ လုပ်ငန်းများ၊ မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်နှင့်ပတ်သက်ပြီး သိသင့်သိထိုက်သည့် အချက်များ၊ ပါတီစည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများနှင့် ရွေးကောက်ပွဲတွင်ကျင်းပမည့် PR စနစ်၊ မဲပေးမည့်ပုံစံစနစ်များနှင့်ပတ်သက်သည့်  သိထားရမည့်အချက်များ” အား ဆွေးနွေးပြောကြားခဲ့ပါသည်။

၎င်းနောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်များမှ ဥက္ကဋ္ဌများက မိမိသက်ဆိုင်ရာဒေသများအလိုက် ဆောင်ရွက်ခဲ့သည့်/ ဆောင်ရွက်နေသည့်/ ဆက်လက်ဆောင်ရွက်မည့် ပါတီလုပ်ငန်းများ၊ ဒေသဆိုင်ရာအခြေအနေ အချက်အလက်များအား တင်ပြဆွေးနွေးကြရာ ပါတီဒုတိယဥက္ကဋ္ဌ၊ ပါတီဗဟိုအလုပ်အမှုဆောင်များနှင့် မန္တလေးတိုင်းဒေသကြီး ဥက္ကဋ္ဌတို့မှ လိုအပ်ချက်များအား ပြန်လည်ဖြည့်စွက် ဆွေးနွေးပြီး တွေ့ဆုံပွဲ ပြီးမြောက်ခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးလှထွန်း၊ ပါတီဗဟိုအတိုင်ပင်ခံ ဦးဝင်းမောင်၊ ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဒေါက်တာမောင်သင်း၊ ဦးတင့်လှိုင်မြင့်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်များမှ ပါတီတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။