ထိုင်းတွင် ကွန်ဒိုဝယ်ယူမှုတန်ဖိုး မြန်မာ တတိယနေရာသို့ရောက်ရှိ

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားကွန်ဒိုအခန်းဝယ်ယူမှု တန်ဖိုးအရ မြန်မာနိုင်ငံအနေဖြင့် တတိယနေရာသို့ ရောက်ရှိလာကြောင်း ဗန်ကောက်ပို့စ်သတင်းဌာန၏ မတ် ၂၄ ရက်တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံတွင် ကွန်ဒိုအခန်း ဆဋ္ဌမ အများဆုံးဝယ်ယူသည့် နိုင်ငံသားများဖြစ်ပြီး တန်ဖိုးအားဖြင့် ဘတ် ၂ ဒသမ ၅၅ဘီလီယံရှိ အခန်း ၃၄၉ ခန်း ဝယ်ယူထားကြောင်း သိရသည်။

၎င်းတန်ဖိုးပမာဏသည် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံသားများဝယ်ယူသည်ထက်ပိုများပြီး စုစုပေါင်း တန်ဖိုးသည် ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားကွန်ဒိုအခန်း ဝယ်ယူမှု တန်ဖိုးအရ တတိယအများဆုံးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများသည် ၂၀၂၂ ခုနှစ်တွင် ကွန်ဒိုအခန်းဝယ်ယူမှုအများဆုံး နိုင်ငံသားများ ထိပ်တန်း ၁၀ နိုင်ငံ စာရင်းတွင် ပထမဆုံးအကြိမ် ပါဝင်ခဲ့ကြောင်း သိရသည်။

“ကွန်ဒိုရောင်းအား အတက်ဘက်လမ်းကြောင်းပေါ် ရောက်လာခဲ့တာ ၂၀၂၁ ခုနှစ် တတိယသုံးလပတ်မှာ စတင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ သုံးလပတ် ငါးခုမှာ ဆက်တိုက် ကြီးထွားခဲ့ပါတယ်။ ထိုင်းနိုင်ငံ ၂၀၂၂ ခုနှစ် ဇွန်လမှာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ခရီးသွားကဏ္ဍ ပြန်လည်ကောင်းမွန်လာတာကြောင့် အကောင်းရှုမြင်ကြ ပြီး ကွန်ဒိုတွေ အဝယ်များစေခဲ့ပါတယ်” ဟု အိမ်ခြံမြေသတင်းအချက်အလက်စင်တာ  Real Estate Information Center (REIC)၏ ခေတ္တညွှန်ကြားရေးမှူးချုပ် Vichai Viratkapan က ပြောဆိုသည်။

ထို့ပြင် ထိုင်းနိုင်ငံတစ်ဝန်းရှိ နိုင်ငံခြားသားများထံ ရောင်းချ လွှဲပြောင်းပေးသည့် ကွန်ဒိုတန်ဖိုး သည် ယခင်နှစ် စတုတ္ထသုံးလပတ်တွင် ငါးနှစ်တာအတွင်းအမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် တစ်နှစ် တာတွင် နိုင်ငံခြားသားများထံ လွှဲပြောင်းပေးသည့် ကွန်ဒိုအခန်းစုစုပေါင်းအရေအတွက်သည် ၁၁၅၆၁ခန်းရှိခဲ့ကာ ၂၀၂၁ ခုနှစ်ထက် ၄၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။  #sdtimedaily