ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပါတီကော်မတီဝင်များစွမ်းရည်မြှင့်နည်းပညာသင်တန်း အမှတ်စဉ်(၁) စာတမ်းဖတ်ပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

မတ် ၁၇၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် သင်တန်းကျောင်းတွင် ၆-၃-၂၀၂၃ ရက်နေ့မှ ၁၇-၃-၂၀၂၃ ရက်နေ့အထိ ရက်သတ္တ (၂)ပတ်တာ ဖွင့်လှစ်ခဲ့သည့် ပါတီကော်မတီဝင်များ စွမ်းရည်မြှင့်နည်းပြသင်တန်း အမှတ်စဉ်(၁)၏ စာတမ်းဖတ်ပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို ၁၇-၃-၂၀၂၃ ရက်နေ့ နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပါတီဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပါသည်။

​ရှေးဦးစွာ စာတမ်းဖတ်ကြားပွဲကို နေ့လည် ၁၃:၀၀ အချိန်မှ ၁၄:၄၀ အချိန်ထိ ပြုလုပ်ခဲ့ရာ သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများမှ အုပ်စုခွဲ၍ ပြုစုရေးသားထားသည့် စာတမ်းများကို ဖတ်ကြားတင်သွင်းခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး ပါတီဥက္ကဋ္ဌနှင့် ပါတီအထွေထွေအတွင်းရေးမှူးတို့မှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။

၎င်းနောက် နေ့လည် ၁၅:၁၀ အချိန်တွင် ပါတီကော်မတီဝင်များစွမ်းရည်မြှင့်နည်းပညာသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို ဆက်လက်ကျင်းပခဲ့ရာ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းတို့အား အခမ်းအနားအစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ပြီး ပါတီဥက္ကဋ္ဌက ” သင်တန်းသား၊ သင်တန်းသူများသည် ပါတီ၏ နည်းပြကေဒါများဖြစ်သည့်အတွက် ရရှိခဲ့တဲ့ ပညာရပ်များကို ထပ်ဆင့်ဆက်လက်ဖြန့်ဝေပေးရန်၊ ပါတီ၏ လုပ်ငန်းစဉ်များ အောင်မြင်စွာလုပ်ကိုင်နိုင်ရေးအတွက် အဆင့်ဆင့်သော ပါတီတာဝန်ရှိသူများမှ စွမ်းစွမ်းတမံ ဆောင်ရွက်ရန်နှင့် ပါတီအောင်နိုင်ရေးအတွက် လမ်းညွှန်ချက်များကို လိုက်နာဆောင်ကြရန် ” နိဂုံးချုပ် အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဘက်အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ပါတီဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး/ ​ပြည်နယ်များမှ သင်တန်းသား သင်တန်းသူ (၁၀၇)ဦး တက်ရောက်ခဲ့ကြပါသည်။