ဂင်းနစ် ကမ္ဘာ့ စံချိန်တင်တော့မယ့် iPhone 15 Pro Max

Apple က iPhone 15 Pro Max ကို ကြေညာခြင်း မရှိသေးပေမယ့် အဲဒီဖုန်းရဲ့ သတင်းတွေ စတင် ထွက်ပေါ်လာနေပါပြီ။ iPhone 15 Pro Max ဟာ အပါးလွှာဆုံး မျက်နှာပြင်ဘေးဘောင်တွေ ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း အဖြစ် စံချိန်တင်မယ်လို့ သိရပါတယ်။

နာမည်ကြီး Tipster Ice Universe က iPhone 15 Pro Max မှာ လက်ရှိ iPhone 14 Pro Max ထက် ပိုမိုပါးလွှာတဲ့ မျက်နှာပြင်ဘေးဘောင်ပါလာမှာ ဖြစ်ပြီး ၁.၅၅ မီလီမီတာပဲ ရှိမယ်လို့ ပြောပါတယ်။ အဲဒီ အရွယ်အစားဟာ Android ဖုန်း အားလုံးထက်လည်း သေးငယ်မှာပါ။ လက်ရှိမှာတော့ Xiaomi 13 Pro ဟာ ၁.၈၁ မီလီမီတာနဲ့ အပါးလွှာဆုံး ဖြစ်နေပါတယ်။

iPhone 14 Pro ဟာ ၂.၁၇ မီလီမီတာနဲ့ Samsung Galaxy S22, S23 ဟာ ၁.၉၅ မီလီမီတာရှိပါတယ်။ iPhone 15 Pro Max ဟာ iPhone 14 Pro Max ထက် ၂၈ ရာခိုင်နှုန်း ပိုမို ပါးလွှာသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် iPhone 15 Pro Max မှာ ဒီဇိုင်းပြောင်းလဲမှုများစွာ ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ အနောက်ဘက်မှာ Periscope Lens တပ်ဆင်ထားမှာ ဖြစ်ပြီး ဘေးဘက်တွေက အနည်းငယ် ကွေးညွှတ်မှာပါ။ Lightning Connector အစား USBC ထည့်သွင်းထားမှာပါ။

 

Ref : gizchina