ယူရိုပါလိဂ်ရှုံးထွက်ပွဲစဉ်တွင် မန်ယူနှင့် စပို့တင်းလစ္စဘွန်းတို့ အနိုင်ရပြီး ကွာတားတက်

ဒီနေ့မနက် အစောပိုင်း ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းက ဘက်တစ်အသင်းကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

မန်ယူနိုက်တက် အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ပထမအကျော့ပွဲစဉ်တုန်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားတာကြောင့် နှစ်ပွဲပေါင်း ၅ ဂိုး ၁ ဂိုးနဲ့ ကွာတားကို တက်ရောက်သွားတာပါ။

အခု ဒုတိယအကျော့ အဝေးကွင်းပွဲစဉ်မှာလည်း မန်ယူအသင်းက သက်တောင့်သက်သာ ကစားပြီး ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးနဲ့ပဲ ပွဲကို ထိန်းကစားခဲ့တာဖြစ်ပြီး ကစားသမားတွေကိုလည်း အနားပေးကာ ဆာဘစ်ဇာ၊ ဆန်ချို၊ အီလန်ဂါ၊ ဒါလော့ဒ်၊ လင်ဒီလော့ဖ် စတဲ့ ကစားသမားတွေနဲ့ လူစားလဲ ကစားခဲ့ပါတယ်။

မန်ယူနည်းပြ တန်ဟက်က “ပထမပိုင်းမှာ တဖက်အသင်းက ဂိုးစသွင်းယူနိုင်ဖို့  ဖိအားပေး ကြိုးစားခဲ့သလို ပိုပြီးတော့လည်း ကစားရခက်ခဲခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမသွင်းဂိုးက အရမ်းကို အရေးကြီးလို့ပါ။ ဒါကြောင့် ဒီလို တဖက်အသင်း ဂိုးသွင်းယူမှာကို ကျနော်တို့ ခွင့်မပြုခဲ့ပါဘူး။ ပထမပိုင်းမှာ ကျနော်တို့ အခွင့်အရေးတချို့ ရခဲ့ပေမဲ့ တန်ပြန်တိုက်စစ်ကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ပွဲကို ထိန်းကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အသင်းက ပိုကောင်းမွန်အောင် ကစားနိုင်ခဲ့သလို ဦးဆောင်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ပွဲအဖြေက ရှင်းလင်းသွားပါတယ်” လို့ ပြောပါတယ်။

အာဆင်နယ်အသင်းကတော့ ဒီနေ့မနက်အစောပိုင်း အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရတဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့မှာ စပို့တင်းလစ္စဘွန်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

အိမ်ရှင် အာဆင်နယ်အသင်းက ပထမပိုင်း ၁၉ မိနစ်မှာပဲ မာတင်နယ်လီရဲ့ ကန်သွင်းမှုကနေ ဂိုးသမားကာကွယ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ဆာကာက ၄၆ ကိုက်အကွာက အပြင်းကန်သွင်းပြီး ဦးဆောင်ကစားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ စပိုးတင်းလစ္စဘွန်းအသင်းဘက်က ဘောလုံးကွင်း အလယ်နားကနေ ရလာတဲ့ ဘောလုံးကို အာဆင်နယ်ဂိုးသမား ရှေ့ရောက်နေတာ အခွင့်ကောင်းယူပြီး အဝေးကနေ ကန်သွင်းယူခဲ့တာကြောင့် ချေပဂိုးရရှိခဲ့တာပါ။

အာဆင်နယ်ဟာ ပထမအကျော့မှာကတည်းက စပို့တင်းကို ၂ ဂိုးစီသရေသာ ကစားနိုင်ခဲ့တာကြောင့် အခုတခေါက် အိမ်ကွင်းမှာ သတိထားယှဉ်ပြိုင်ခဲ့ရပြီး စပို့တင်းထက် ခြေစွမ်းအသာစီး ရယူနိုင်ခဲ့ပေမဲ့ အချိန်ပိုကစားပြီးချိန်ထိ ၁ ဂိုးစီ သရေရလဒ်ကြောင့် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းယူရာမှာ မာတင်နယ်လီရဲ့ ကန်သွင်းချက် မဝင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။