အသက် ၄၀ ကျော်မှ ဘဝ စတယ်ဆိုတာကို သက်သေထူလိုက်ပြန်တဲ့ နတ်ဘုရားကြီး

နတ်ဘုရားကြီး အီဘရာဟီမိုဗစ်ကတော့ အသက်ကြီးပေမယ့် မပျက်စီးသေးဘူး၊ အသက် ၄၀ ကျော်မှ ဘဝ စတယ်၊ နွားပျိုသန်လှ နွားအိုပေါင်ကျိုးဆိုတဲ့ စကားပုံတွေကို ဆက်တိုက်ဆိုသလိုပဲ သက်သေပြနေပါပြီ။ အခုဆိုရင် အီဘရာဟီမိုဗစ်က အသက် ၄၁ နှစ်အရွယ် ရှိနေပြီပဲဖြစ်ပါတယ်။ ထူးခြားတာက ဒဏ်ရာပြဿနာကြောင့် ၁၁ လကြာ အနားယူနေခဲ့ရပြီးတဲ့နောက် ဒဏ်ရာသက်သာလာလို့ အေစီမီလန်အတွက် သုံးပွဲပြန်လာပါဝင်ကစားပြီးချိန်မှာပဲ ဆွီဒင်လက်ရွေးစင်အသင်းက အီဘရာဟီမိုဗစ်ကို အသင်းလူစာရင်းထဲ ပြန်ထည့်လိုက်တာပဲဖြစ်ပါတယ်။ ဆွီဒင်လက်ရွေးစင်အသင်းအတွက် အီဘရာဟီမိုဗစ် နောက်ဆုံးပါဝင်ကစားပေးခဲ့တာက ၂၀၂၂ ခုနှစ် မတ်လမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဆိုးရွားပြင်းထန်လှတဲ့ ဒူးဒဏ်ရာပြဿနာကို အီဘရာဟီမိုဗစ်က ရင်ဆိုင်လိုက်ရပြီး ၁၁ ကြာ အနားယူလိုက်ရတာပါ။ ဆွီဒင်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေ ကစားရတော့မှာဖြစ်ပြီး အဖွင့်ပွဲ ၂ ပွဲမှာ ဘယ်လ်ဂျီယံ၊ အဇာဘိုင်ဂျန် တို့နဲ့ ဆုံတွေ့နေပါတယ်။ ဒီပွဲစဉ်တွေမှာ ဆွီဒင်အသင်းအတွက် အသက် ၄၁ နှစ်အရွယ် နတ်ဘုရားကြီးက ဘာတွေလုပ်ပြလေမလဲဆိုတာ စောင့်ကြည့်ချင်စရာပါပဲ။  #Shwesports