ကမ္ဘာ့အမြန်ဆုံးစက်ရုပ် စက်ရုပ်ဖလားဝင်ပြိုင်ရန် အသင့်ဖြစ်နေ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားရှိ ယူစီအယ်လ်အေက သုတေသီတွေဟာ ကမ္ဘာ့အမြန်ဆုံး လှုပ်ရှားသွားလာနိုင်တဲ့ လူသားဆန်တဲ့စက်ရုပ်ကို တီထွင်ဖန်တီးလိုက်ပြီး ဒီစက်ရုပ်ဟာ စက်ရုပ်ဖလားပြိုင်ပွဲဝင်ရန် အသင့်ဖြစ်နေပြီလို့ သုတေသီတွေက ပြောပါတယ်။

ARTEMIS လို့ အမည်ပေးထားတဲ့ အဲဒီစက်ရုပ်ဟာ ၂၀၂၃ စက်ရုပ်ဖလားဘောလုံးပြိုင်ပွဲမှာ ဝင်ပြိုင်ရန်အတွက် ဇူလိုင်လမှာ ပြင်သစ်နိုင်ငံ ဘော်ဒိုးမြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။ စက်ရုပ်ဖလားပြိုင်ပွဲဟာ အမျိုးမျိုးသော စက်ရုပ်တွေရဲ့ စွမ်းရည်ကိုပြသတဲ့ နိုင်ငံတကာသိပ္ပံဆိုင်ရာပွဲတစ်ခုလည်းဖြစ်ပါတယ်။

ARTEMIS စက်ရုပ်ကို အဓိကပင်မတီထွင်ဆန်းသစ်ထားတာကတော့ မညီညာတဲ့မြေပြင်ပေါ်မှာဖြစ်စေ ဟန်ချက်ညီစွာ ရွေ့လျားသွားလာနိုင်မှုဖြစ်တယ်လို့ စက်ရုပ်ကိုတီထွင်ခဲ့တဲ့ ယူစီအယ်လ်အေတက္ကသိုလ်မှ သုတေသီတွေက ပြောပါတယ်။

အဲဒီစက်ရုပ်ဟာ အရပ်အမြင့် လေးပေရှစ်လက်မနှင့် ၈၅ ပေါင် အလေးချိန်ရှိပြီး တစ်စက္ကန့်အတွင်း ၂ ဒသမ ၁ မီတာအထိ လမ်းလျှောက်နိုင်ကာ ဒါဟာ ကမ္ဘာပေါ်မှာ အမြန်ဆုံးလှုပ်ရှားနိုင်တဲ့ စက်ရုပ်ဖြစ်ကြောင်း သုတေသီတွေက ပြောပါတယ်။

ARTEMIS စက်ရုပ်ဟာ ပြိုင်ပွဲဝင်ဖို့အတွက် တက္ကသိုလ်ဘောလုံးကွင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီး ပြိုင်ပွဲဝင်ခွင့်ရရှိတာဟာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာပညာရပ်များကို ပိုမိုမြှင့်တင်နိုင်ဖို့ အခွင့်အရေးဖြစ်ကြောင်း သုတေသီတွေက ပြောပါတယ်။