ဘိုင်ရာဗာမင်းသားပါဝင်ထားတဲ့ ဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်း အော်စကာဆု ရရှိ

ဘိုင်ရာဗာမင်းသား ရာမ်ချာရန် ပါဝင်သရုပ်ဆောင်ထားတဲ့ RRR ဇာတ်ကားရဲ့ Naatu Naatu ဇာတ်ဝင်သီချင်းဟာ အကောင်းဆုံးမူရင်းသီချင်းဆုအမျိုးအစားနဲ့ အော်စကာဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ ဒါရိုက်တာ အက်စ်အက်စ်ရာဂျာမိုလီရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားရဲ့ Naatu Naatu သီချင်းက နိုင်ငံတကာဆုပေးပွဲကြီးဖြစ်တဲ့ အော်စကာဆုပေးပွဲမှာ အခုလိုဆုကြီးကို ဆွတ်ခူးခဲ့တဲ့ ပထမဆုံးအိန္ဒိယရုပ်ရှင်သီချင်းဖြစ်လာခဲ့ပါတယ်။

Naatu Naatu သီချင်းက  Tell It like a Woman ဇာတ်ကားရဲ့ APPLAUSE သီချင်း၊ Top Gun: Maverick ဇာတ်ကားရဲ့ HOLD MY HAND၊ Black Panther: Wakanda Forever ဇာတ်ကားရဲ့ LIFT ME UP သီချင်းနဲ့ အော်စကာဆုများစွာဆွတ်ခူးသွားခဲ့တဲ့ Everything Everywhere All at Once ဇာတ်ကားရဲ့ THIS IS A LIFE သီချင်းတွေကို ကျော်ပြီး အော်စကာဆုကို ရရှိခဲ့တာပါ။

RRR ဇာတ်ကားက Hollywood Critics Association Awards ဆုပေးပွဲတုန်းကလည်း အကောင်းဆုံးနိုင်ငံတကာရုပ်ရှင်ဆုနဲ့ အခြားဆုကြီး ၃ ဆု ဆွတ်ခူးခဲ့ပါသေးတယ်။ Golden Globe Awards ဆုပေးပွဲမှာလည်း Naatu Naatu သီချင်းက အကောင်းဆုံးမူရင်းသီချင်းဆုရရှိခဲ့ပါသေးတယ်။

အရင်က သူ့ဇာတ်ကား အော်စကာဆုရမရ သူ့အစီအစဉ်တွေကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူးလို့တော့ ဒါရိုက်တာက ဖြေကြားခဲ့ဖူးပါတယ်။ “RRR က အော်စကာဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ နောက်ဇာတ်ကားအတွက် ကျွန်တော့်ရဲ့အစီအစဉ်က ပြောင်းလဲမှာမဟုတ်ပါဘူး။ ရခဲ့ရင်တော့ အော်စကာက ဇာတ်ကားရဲ့စံနှုန်းမြှင့်တင်ပေးရာရောက်သလို နိုင်ငံအတွက်လည်း ခွန်အားဖြစ်စေပါလိမ့်မယ်။ ဒါပေမဲ့ မရရင်တော့ ကျွန်တော် လုပ်နေတာတွေကိုတော့ ပြောင်းလဲစေမှာမဟုတ်ပါဘူး။ ရုပ်ရှင်ရိုက်ကူးသူတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို အမြဲတမ်းအဆင့်မြှင့်တင်ဖို့ လိုပါတယ်။ ဇာတ်ကြောင်းပြောခြင်းဆိုင်ရာနည်းစနစ်တွေကို ကျွန်တော် အဆင့်မြှင့်တင်ရမယ်။ ကျွန်တော် ပြောချင်တဲ့အရာနဲ့ ကျွန်တော် လိုချင်တာတွေကတော့ ပြောင်းလဲသွားမှာမဟုတ်ပါဘူး”လို့ သူက ဆိုပါတယ်။ Team (ရိုးရာလေး)