ဂျာမနီရဲ့ 5G ကွန်ရက်မှာ Huawei နဲ့ ZTE ရဲ့ ပစ္စည်းတွေကို ပိတ်ပင်နိုင်
ဂျာမနီက 5G ကွန်ရက်မှာ Huawei နဲ့ ZTE တို့လို တရုတ် ကုမ္ပဏီတွေရဲ့ ပစ္စည်းတွေကို ပိတ်ပင်ဖို့ စီစဉ်နေပါတယ်။ နိုင်ငံရဲ့ လုံခြုံရေးအတွက် အခုလို ပြုလုပ်ဖို့ ဂျာမနီ အစိုးရက ကြိုးစားနေတာ ဖြစ်ပါတယ်။
ဂျာမနီ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ယောက်က အစိုးရဟာ သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီတွေကို စစ်ဆေးနေပြီး အန္တရာယ်ရှိတဲ့ ကုမ္ပဏီတွေကို ရှာဖွေနေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူက ဝန်ကြီးဌာနဟာ သီးခြား ကုမ္ပဏီတွေကို ပစ်မှတ်မထားဘူးလို့ ပြောပါတယ်။
အခု အစီအစဉ်သာ အကောင်အထည်ပေါ်လာရင် သတင်းအချက်အလက် ဆက်သွယ်ရေး ကုမ္ပဏီတွေဟာ ဂျာမနီရဲ့ 5G ကွန်ရက်ကို တည်ဆောက်ရာမှာ Huawei နဲ့ ZTE တို့လို တရုတ် ကုမ္ပဏီတွေရဲ့ အစိတ်အပိုင်းတွေကို အသုံးပြုလို့ မရတော့ပါဘူး။
ဒါ့အပြင် ဂျာမနီရဲ့ 5G ကွန်ရက်မှာ လက်ရှိ အသုံးပြုထားတဲ့ အစိတ်အပိုင်းတွေကိုလည်း လဲလှယ်အစားထိုးရမှာ ဖြစ်တဲ့အတွက် သတင်းအချက်အလက် ဆက်သွယ်ရေး ကုမ္ပဏီတွေအတွက် ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာနိုင်ပါတယ်။
အမေရိကန်နဲ့ တရုတ်ရဲ့ နည်းပညာ စစ်ပွဲဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ပြင်းထန်လာပြီး အမေရိကန်ရဲ့ မဟာမိတ်တွေ ဖြစ်တဲ့ ဂျပန်၊ နယ်သာလန်၊ တောင်ကိုရီးယားတို့ဟာလည်း အမေရိကန် နည်းတူ တရုတ် ကုမ္ပဏီတွေရဲ့ နည်းပညာပစ္စည်းတွေကို ပိတ်ပင်နေကြပါတယ်။
Ref : gizmochina