အော်စကာဆု ဆွတ်ခူးသွားတဲ့ မီချဲလ်ယို

မြန်မာပရိသတ်တွေကြား ထင်ရှားတဲ့ မလေးရှားနိုင်ငံဖွား မင်းသမီး မီချဲလ်ယိုကတော့ ၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး မင်းသမီးဆု ဆွတ်ခူးသွားခဲ့ပါတယ်။ မီချဲလ်ယိုဟာ သိပ္ပံစိတ်ကူးယဉ် ဟာသဒရာမာဇာတ်ကား Everything Everywhere All at Once မှာ အဓိကဇာတ်ကောင် အီဗလင်းဝမ်အဖြစ် သရုပ်ဆောင်ခဲ့လို့ ဒီဆု ရခဲ့တာပါ။

အာရှတိုက်မှ သရုပ်ဆောင်တွေထဲမှာ မီချဲလ်ယိုက အကောင်းဆုံး မင်းသမီးအဖြစ် အော်စကာဆုကို ပထမဆုံး ဆွတ်ခူးနိုင်ခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း ရွှေကမ္ဘာလုံးဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၂၀ လောက်ပဲ သုံးခဲ့တဲ့ Everything Everywhere All at Once ဇာတ်ကားဟာ တဟုန်ထိုး အောင်မြင်မှု ရရှိခဲ့ပြီး ဒီနှစ်ဆုပေးပွဲမှာ အော်စကာဆု ၇ ဆု ဆွတ်ခူးခဲ့ပါတယ်။ ဇာတ်ကားထဲမှာ အီဗလင်းဝမ်ရဲ့ခင်ပွန်းအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဗီယက်နမ်ဖွား သရုပ်ဆောင်မင်းသား ကီဟွေးကွမ်ကလည်း ဇာတ်ပို့ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အော်စကာဆုပေးပွဲမှာ အာရှသရုပ်ဆောင်နှစ်ဦး ဆုရတဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။