ကျန်းမာရေးဌာနအတည်ပြု ဝိတ်ကျဆေး ထိုးဆေး

အမေရိကန်ပြည်ထောင်စုမှာ ပေါ်ပြူလာဖြစ်နေတဲ့ ဝိတ်ကျဆေးကိုအင်္ဂလန်နိုင်ငံ ကျန်းမာရေးဌာန NHS ကတရားဝင်သုံးစွဲခွင့်ပြုလိုက်ပါပြီ။

စျေးကွက်ထဲမှာ Wegovy ဝီဂိုဗီဆိုတဲ့နာမည်နဲ့ရောင်းချတဲ့ semaglutide ဆမက်ဂလူတိုက် ဝိတ်ကျဆေးဟာ ဘေးအန္တရာယ်ကင်း၊ ထိရောက်ပြီး တန်ဖိုးသင့်တင့်တဲ့ ထိုးဆေးဖြစ်တယ်လို့ ဗြိတိန်နိုင်ငံ ကျန်းမာရေးနဲ့ စောင့်ရှောက်မှုဌာန NICE ကဆုံးဖြတ်ချက်ချလိုက်ပါတယ်။

ဝီဂိုဗီဝိတ်ကျဆေးဟာ အရေးပြားကနေ တဆင့်ထိုးရတဲ့ထိုးဆေးပါ။ အဲဒီဆေးထိုးထားရင်ဗိုက်ပြည့်နေသလိုခံစားရပြီး မဆာတော့ပါဘူး။ အစားနည်းသွားပါတယ်။ ဒါဟာ ဒီဆေးအဓိက အလုပ်လုပ်ပုံ ဖြစ်ပါတယ်။

ကျော်ကြားတဲ့ပုဂ္ဂိုလ်တွေထဲမှာ အီလွန်မတ်စ်လို ပုဂ္ဂိုလ်မျိုးက ဒီဆေးကို သူသုံးပါတယ်လို့ ထုတ်ဖော်ပြောဆို လာပါတယ်။ ဟောလီးဝုဒ်လောကမှာ ဒီဆေး ရေပန်းစားနေတယ်လို့ပြောလာကြပါတယ်။

နေထိုင်မှုဟန်ပန်ပြောင်းလဲခြင်း

စမ်းသပ်တွေ့ရှိချက်တွေအရ ဆမက်ဂလူတိုက်သောက်ပြီး အစားအသောက်နဲ့ နေထိုင်ပုံကိုပါပြောင်းလဲရင် ကိုယ်အလေးချိန် ၁၀ ရာခိုင်နှုန်းအထိကျနိုင်တယ်လို့ ဗြိတိန်ကျန်းမာရေးဌာန NICE ကဆိုပါတယ်။

ဒါပေမဲ့ ဝခြင်းနဲ့ဆက်စပ်တဲ့ရောဂါတခုခုရှိသူကိုသာ ဒီဆေးညွှန်းမှာ ဖြစ်ပါတယ်။ BMI လို့ခေါ်တဲ့ ကိုယ်အလေးချိန် ထုထည်ညွှန်းကိန်းဟာ အဝလွန်အဆင့်နားကိုရောက်နေမှသာ ဒီဆေးကိုပေးမှာလည်း ဖြစ်ပါတယ်။ BMI လို့ခေါ်တဲ့ ကိုယ်အလေးချိန်ထုထည်ညွှန်းကိန်းဟာ ကိုယ်အလေးချိန်ကို အရပ်အမြင့်ရဲ့ နှစ်ထပ်ကိန်းနဲ့ စားပြီး တွက်ချက်တဲ့ ရလဒ်ဖြစ်ပါတယ်။

တကယ်လို့ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်းဟာ အဝလွန်အဆင့်အထိမရောက်သေးသည့်တိုင်အောင် ၃၀ နဲ့ ၃၅ ကြားမှာရှိနေရင်လည်း ကိုယ်အလေးချိန်နဲ့ ဆက်စပ်တဲ့ တခြားကျန်းမာရေးပြဿနာတခုခုရှိခဲ့ရင် ဒီဆေးကို ညွှန်းနိုင်ပါတယ်။

ဆီးချိုအကြိုဆင့်၊ ဆီးချိုအမျိုးအစား ၂၊ သွေးတိုး၊ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်း အဆီပိတ်လို့ အိပ်မပျော်တဲ့ရောဂါရှိတဲ့သူတွေကိုလည်း ဒီဆေးညွှန်းနိုင်တယ်လို့ ဗြိတိန်ကျန်းမာရေးဌာန NICE ကဆိုပါတယ်။

အထူးကုရဲ့ညွှန်ကြားချက်နဲ့ တပတ်မှာ ဝီဂိုဗီ တကြိမ်ထိုးနိုင်ပါတယ်။ အများဆုံး ၂ နှစ်အထိ ဒီဆေးကို အသုံးပြုနိုင်ပါတယ်။ ဆီးချိုဆေးတမျိုးဖြစ်တဲ့ Ozempic အိုဇမ်းပစ်မှာလည်း ဆမက်ဂလူတိုက်ပါဝင်ပါတယ်။ အိုဇမ်းပစ်ဟာ ဆီးချိုအမျိုးအစား ၂ သမားတွေအတွက်ပေးတာဖြစ်ပေမဲ့ ဝီဂိုဗီကတော့ ဝိတ်ကျဖို့အဓိကပေးတဲ့ဆေး ဖြစ်ပါတယ်။

ဒီဆေးဟာ စားချင်စိတ်လျော့နည်းအောင် လုပ်ပေးတာပါ။ စားချင်စိတ်ကိုအားပေးတဲ့ GLP-1 ဆိုတဲ့ဟော်မုန်း အမျိုးအစားကို ထွက်အောင် လုပ်ပေးပါတယ်။ အဲဒီဟော်မုန်းဟာ အစာစားပြီးချိန်ထွက်တတ်တဲ့ဟော်မုန်းပါ။ လူကို ဗိုက်ပြည့်သလိုခံစားချက် ဖြစ်ပေါ်စေပါတယ်။ အဲဒါကြောင့် ကယ်လိုရီစားသုံးမှု လျော့နည်းစေပါတယ်။

ဆမက်ဂလူတိုက်ပါဝင်တဲ့ အိုဇမ်းပစ်ဆေးကို ရုပ်ရှင်နယ်ကလူတွေ၊ ဖျော်ဖြေရေးကဏ္ဍကလူတွေ မြန်မြန် ဝိတ်ကျချင်တဲ့ အခါသုံးတတ်ကြတယ်လို့ ဗရိုက်ရက်တီမဂ္ဂဇင်းရဲ့ ဆောင်းပါးတခုမှာ ရေးသားဖော်ပြထားပါတယ်။ အဲဒီလိုဖော်ပြပြီးနောက် အဲဒီဆေးဟာ တော်တော်ပေါ်ပြူလာဖြစ်လာပြီး အမေရိကန်မှာ ဆေးတောင်ပြတ်သွား ပါတယ်။ တကယ်လိုအပ်တဲ့သူတွေအတွက် ဆေးပြတ်သွားမှာစိုးလို့ ဆီးချိုမရှိတဲ့လူတွေကို မပေးရဘူးဆိုပြီး တားမြစ်ယူရပါတယ်။

အိုဇမ်းပစ်မျက်နှာ

ဒါပေမဲ့ အိုဇမ်းပစ်နဲ့ဝီဂိုဗီကို ထုတ်လုပ်တဲ့ နိုဗိုနောဒစ်ဆေးကုမ္ပဏီကတော့ ဒီဆေးတွေဟာလည်း တခြားဆေး တွေလိုပဲ မူးဝေခြင်း၊ ဗိုက်နာခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်းဆိုတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်ညွှန်ကြားချက် မယူဘဲ မသောက်ပါနဲ့လို့ အကြံပြုထားပါတယ်။

ဒါ့အပြင် ရုတ်တရက်ဝိတ်မြန်မြန်ကျရင် အရေပြားမှာရှိတဲ့ ကော်လာဂျင်နဲ့ အီလတ်စတင်တို့ ဆုံးရှုံးတတ်ပါတယ်။ အဲသလို ဆုံးရှုံးတဲ့အခါမျက်နှာဟာ ပျော့တိပျော့ဖတ်နဲ့ ရွဲသွားတတ်ပါတယ်။ အဲသလိုမျက်နှာကို အိုဇမ်းပစ် မျက်နှာလို့တောင် ခေါ်တတ်ကြပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိတဲ့ ကိုင်လီဝုဒ်ကတော့ အိုဇမ်းပစ်ကို ၇ လကြာ ထိုးပြီးနောက်မှာ သူ့ကိုယ်အလေးချိန်ဟာ ကီလို ၃၀ အထိ လျော့ကျသွားခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

“ကျွန်မမှာ ရာသီသွေးမမှန်တဲ့ ပီစီအိုအက်စ်ရောဂါ ရှိပါတယ်။ အင်ဆူလင်ပြဿနာလည်း ရှိပါတယ်။ အသက် ၃၀ ကျော်မှာ ကလေးရပြီးတော့ ဝိတ်တက်လာပါတယ်” လို့ သူက ဆိုပါတယ်။

ဝိတ်ကရုတ်တရက်တိုးလာတော့ နာမည်ကြီးတဲ့ ကီတိုဒိုင်းရက်တို့၊ ကစီဓာတ်လျှော့စားနည်းတို့၊ ပြတ်တောင်းအစာခံနည်းတို့ ဝိတ်ချနည်းမျိုးစုံသုံးပေမဲ့ ဘယ်ဟာနဲ့မှ အလုပ်မဖြစ်ပါဘူး။

ဆရာဝန်နဲ့စမ်းသပ်ကြည့်တဲ့အခါ သူ့မှာသွေးတိုးလည်းရှိနေပြီး ကိုလက်စထရောလည်း မြင့်နေတယ်လို့ ဆရာဝန်ကပြောတဲ့အပြင် ဆီးချိုအကြိုအဆင့်ကိုလည်း ရောက်နေပြီလို့ ဆိုပါတယ်။

အဲဒီနောက် အိုဇမ်းပစ်ထိုးတဲ့အခါ အစပိုင်းတော့ ခေါင်းကိုက်တာ၊ မူးတာ၊ ပင်ပန်းတာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်တော့ ကျင့်သားရသွားပါတယ်။

“ဒီဆေးဟာ လူတွေရဲ့ဘဝကို ပြောင်းလဲပေးနိုင်ပါတယ်။ အစပိုင်းမှာတော့ ခေါင်းကိုက်၊ ခေါင်းမူး၊ ပင်ပန်းတာဖြစ်တတ်ပါတယ်” လို့ သူက ရှင်းပြပါတယ်။

အင်္ဂလန်မှာ လူကြီးတွေရဲ့ လေးပုံတစ်ပုံဟာ အဝလွန်နေကြပြီး သုံးပုံတစ်ပုံက ရှိသင့်တဲ့အလေးချိန်ထက် ပိုနေကြပါတယ်။ အဝလွန်မှုကြောင့် ဗြိတိန်ကျန်းမာရေးဌာနဟာ တနှစ်ကို ပေါင် ၆ ဒသမ ၁ သန်းကျော် သုံးစွဲနေရတယ်လို့ အစိုးရခန့်မှန်းချက်အရသိရှိရပါတယ်။

အခုဆမက်ဂလူတိုက်ကို အင်္ဂလန်မှာခွင့်ပြုလိုက်ပါပြီ။ စကော့တလန်နဲ့ဝေလပြည်နယ်တို့မှာတော့ ဆွေးနွေး နေကြဆဲဖြစ်ပါတယ်။ အင်္ဂလန်ရဲ့လမ်းကို လိုက်လာမယ်လို့ ယူဆရပါတယ်။

တချို့လူတွေအတွက် ဝိတ်ကျဖို့ဆိုတာဟာ တကယ်ကို အခက်အခဲကြီးတခုပါ။ အဲသလိုလူတွေအတွက်တော့ ဆမက်ဂလူတိုက်ဆေးဟာ ကြိုဆိုရမယ့်အရာပါပဲလို့ ဗြိတိန် NICE ကျန်းမာရေးဌာနအကြီးအကဲ ဟယ်လင်နိုက်က ဆိုပါတယ်။

ဒါပေမဲ့ ဆမက်ဂလူတိုက်ကို ကိုယ်ခန္ဓာအချိုးအစားလှပရေးအတွက် ဝိတ်လျှော့ရာမှာတော့ အသုံးပြုဖို့ ညွှန်းမှာ မဟုတ်ဘဲ ကျန်းမာရေးပြဿနာရှိတဲ့သူတွေကိုသာ ဆေးညွှန်းပေးမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဆမက်ဂလူ တိုက်ပေးတဲ့သူတွေကို ခန္ဓာကိုယ်အလေးချိန်လျှော့ချရေးလေ့ကျင့်ခန်းနဲ့ ဝိတ်လျှော့အစားအသောက် စားသောက် နည်းကိုပါ ပူးတွဲကျင့်သုံးခိုင်းမယ်လို့ ဆိုပါတယ်။   -Ref:BBC