ဟောင်ကောင်ဆန္ဒပြပွဲမှတ်ချက်များကြောင့် သရုပ်ဆောင်ဒွန်နီယန်ကို အော်စကာဆုပေးပွဲ အစီအစဉ်တင်ဆက်သူ အဖြစ်မှ ဖယ်ရှားပေးရန် အွန်လိုင်းတွင် လူသောင်းနှင့်ချီတောင်းဆို

တရုတ်အစိုးရကိုထောက်ခံမှုကြောင့် လာမည့် ၂၀၂၃ အော်စကာဆုပေးပွဲတွင် အ စီအစဉ်တင်ဆက်သူအဖြစ်မှ ဟောင်ကောင် သရုပ်ဆောင်ဒွန်နီယန်ကို ဖယ်ရှားပေးရန်  လူပေါင်းသောင်းနှင့်ချီ အွန်လိုင်းတွင် လက်မှတ်ထိုးတောင်းဆိုထားသည်။

ယင်းသို့တောင်းဆိုမှုကို ဟောင်ကောင်မှလူတစ်စုက စတင်လိုက်ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်က ဟောင်ကောင် ဆန္ဒပြပွဲများနှင့်ပတ်သက်သည့် ယန်၏လတ်တလောပြောဆိုချက်များသည် လွတ်လပ်စွာဖော်ထုတ်ပြောခွင့်ကို ထိပါးနေသည်ဟု ဆိုသည်။ အော်စကာဆုရွေးချယ်ရေးအဖွဲ့ကမူ  ယင်းတောင်းဆိုမှုအပေါ် တစ်စုံတစ်ရာ မှတ်ချက်မ ပေးသေးပေ။

ယန်သည် ကမ္ဘာ့အသိအမှတ်ပြု အက်ရှင်မင်းသားတစ်ဦးဖြစ်ပြီး IP Manသိုင်းကားများဖြင့် လူသိများလှသည်။ ၎င်းသည် ဟောလိဝုဒ်ရုပ်ရှင် John Wick 4 တွင်လည်း ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။

အထင်ကရဟောင်ကောင်တက်ကြွလှုပ်ရှားသူ ထုန်ဝေဟုံစတင်လိုက်သည့် အွန်လိုင်းတောင်းဆိုလွှာတွင် အော်စကာအကယ်ဒမီအဖွဲ့က ယန်ကို ဖိတ်ကြားခြင်းသည် ဟောင်ကောင်ပြည်သူများကို အလေးမထားခြင်းဖြစ်ပြီး ယန်ပါဝင်မှုကြောင့် ရုပ်ရှင်နယ်ပယ်၏ပုံရိပ်နှင့် ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မည်ဟု ဆိုထားသည်။ ယင်းတောင်းဆိုမှုတွင် ပါဝင်လက်မှတ်ရေးထိုးသူ ၈၄,၀၀၀ ကျော်ရှိသည်။

ဒွန်နီယန်ကို မတ် ၁၂ ရက်တွင်ကျင်းပမည့် ၉၅ ကြိမ်မြောက် အော်စကာထူးချွန်ဆုပေးပွဲတွင်  အစီအစဉ်တင်ဆက်သူတစ်ဦးအဖြစ် ရွေးချယ်ထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့တွင် မွေးဖွားခဲ့ပြီး ဟောင်ကောင်တွင်ကြီးပြင်းခဲ့သည့် ယန်သည် အသက် ၁၁ နှစ်အရွယ်တွင် အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၎င်းသည် အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရခဲ့သော်လည်း နောက်ပိုင်းတွင် စွန့်လွှတ်လိုက်သည်။

လတ်တလော GQ Hype နှင့်အင်တာဗျူးတွင် ယန်က ၂၀၁၉ ခုနှစ်က ဟောင်ကောင်ဒီမိုကရေစီ ထောက်ခံဆန္ဒပြပွဲများကို ဆန့်ကျင်ကြောင်း ပြောသွားသည်။ ထိုဆန္ဒပြမှုများသည် ဆန္ဒဖော်ထုတ်မှုမဟုတ်ဘဲ ဆူပူအုံကြွမှုများဟု ဒွန်နီယန်ကပြောသည်။

ထို့ပြင်ယန်က BBC နှင့် CNN ကဲ့သို့ အနောက်တိုင်းမီဒီယာအဖွဲဲ့အစည်းများသည် တရုတ်အစိုးရနှင့်ပတ်သက်လျှင် မကောင်းသည့်သတင်းများကိုသာ အာရုံစိုက် ဖော်ပြနေကြသည်ဟု ပြောခဲ့သည်။