စာသင်ကျောင်းတွေမှာ စက်ရုပ်တွေနဲ့သင်ကြားပို့ချဖို့ ယူအေအီးပညာရေးဝန်ကြီးဌာန စီစဉ်နေ

ယူအေအီးနိုင်ငံက စာသင်ကျောင်းတွေမှာ ဉာဏ်ရည်တု နည်းပညာသုံး စက်ရုပ်ဆရာတွေနဲ့ များမကြာခင်မှာ သင်ကြား ပို့ချနိုင်တော့မှာဖြစ်ကြောင်း ယူအေအီးပညာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေကပြောပါတယ်။

ပညာရေးဝန်ကြီးဌာနမှာ နောက်ဆုံးပေါ်နည်းပညာတွေကို လက်ခံကျင့်သုံးဖို့ မူဝါဒချမှတ်ထားပြီး GPT –AI နည်းပညာသုံး စက်ရုပ်ဆရာတွေနဲ့ သင်ကြားဖို့၊ ပညာရေးစနစ်ကို နည်းပညာနဲ့ မြှင့်တင်ဖို့အတွက် မိမိတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ယူအေအီးပညာရေးဝန်ကြီးဌာနက ပြောပါတယ်။

နောက်ဆုံးပေါ် ဉာဏ်ရည်တုနည်းပညာများကို ပညာရေးကဏ္ဍမှာ အကျိုးရှိအောင် အသုံးချသွားမှာဖြစ်ပြီး Microsoft ၊ OpenAI တို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပညာရေးဝန်ကြီး အာမက်အယ်လ်ဖလာဆီက ပြောပါတယ်။

ကမ္ဘာတစ်ဝန်းမှာ သိပ္ပံနဲ့နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်ထွန်းကားလာပြီးနောက် ပညာသင်ကြားမှုနဲ့ သင်ယူမှုပုံစံတွေ ပြောင်းလဲလာနေပြီး ကိုဗစ်(၁၉) ကပ်ရောဂါကာလတွင် သင်ကြားမှုအားလုံးကို အွန်လိုင်း သင်ယူမှုတွေကြောင့် ပညာရေးမှာ နည်းပညာရဲ့ အသုံးဝင်မှုကို ပိုမိုသိသာ ထင်ရှားစေခဲ့ကြောင်း သူကဆိုပါတယ်။ ကပ်ရောဂါကာလအတွင်း အကျပ်အတည်းကို ကျော်လွှားဖို့အတွက် နည်းပညာကိုကိရိယာတစ်ခုအဖြစ် အသုံးပြုတာထက် ပညာရေးကို ခေတ်မီစေဖို့အသွင်ကူးပြောင်းရာမှာ နည်းပညာကို အသုံးချသင့်ကြောင်း ယူအေအီးပညာရေးဝန်ကြီးက ပြောပါတယ်။