မန္တလေးမြို့ရှိ မီနီအိုးဝေများ အဝါရောင်ပြောင်းလဲရမည်

မန္တလေးမြို့တော်စည်ပင်နယ်နမိတ်အတွင်း၌ပြေးဆွဲလျက်ရှိသည့် မီနီအိုးဝေများအားလုံးကို ဇွန် ၃၀ ရက် နောက်ဆုံးထား၍ အဝါရောင်တစ်ရောင်တည်းအဖြစ် ပြောင်းလဲရမည်ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ(မြို့တွင်း)မှ အသိပေးနှိုးဆော်ခဲ့သည်။

မန္တလေးမြို့တော်အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျရှိစေရန်၊ ခရီးသည်များ လုံခြုံချောမွေ့စွာသွားလာမှု ပိုမိုအဆင်ပြေစေရန်နှင့်သယ်ယူပို့ဆောင်ရေးကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မီနီအိုးဝေများအားလုံးကို အဝါရောင်တစ်ရောင်တည်းအဖြစ် တပြေးညီပြောင်းလဲစေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မီနီအိုးဝေပိုင်ရှင်များအနေဖြင့် မိမိကြိုက်နှစ်သက်သည့် ဘောဒီရုံများတွင် ဇွန် ၃၀ ရက်နောက်ဆုံးထား၍ အဝါရောင်ပြောင်းလဲရမည်ဟု အသိပေးခဲ့သည်။

ထို့ပြင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဆေးရောင်ပြောင်းပြီး မီနီအိုးဝေများအား ယာဉ်စစ်မှတ်တမ်း တင်ခြင်းကို ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်း၌ မတ် ၁၆ ရက်မှစတင်ကာ ဇွန် ၃၀ ရက်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတ်မှတ်ရက်အတွင်း၌ အဝါရောင်ပြောင်းလဲထားခြင်းမရှိသည့် မီနီအိုးဝေများအား စစ်ဆေးတွေ့ရှိပါက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းလိုင်စင်ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။