နားကြပ်နဲ့သီချင်းနားထောင်ခြင်းကြောင့် အကြားအာရုံမဆုံးရှုံးရအောင် လုပ်ဆောင်သင့်တဲ့အရာများ

အချိန်တိုင်း သီချင်းနားထောင်ဖြစ်ကြတယ်မလား။ နားကြပ်နဲ့ သီချင်းနားထောင်ရင်း ပတ်ဝန်းကျင်က အသံတွေကြောင့် သီချင်းသံ ကောင်းကောင်းမကြားရလို့ အသံ volume မြှင့်မြှင့်ထားတတ်တယ်မလား။ ကျွန်တော်တို့အားလုံး အဲဒီလိုလုပ်မိကြမှာပါ။ တချို့လူတွေက အာရုံစူးစိုက်နိုင်ဖို့ ဂီတကို နားထောင်ကြသလို တချို့ကတော့ စိတ်ခံစားချက်ကို လှုပ်ဆော်ပေးတာကြောင့် နားထောင်ဖြစ်ပါတယ်။ သီချင်းကို နားကြပ်နဲ့ ကျယ်လောင်စွာ နားထောင်ခြင်းက အကြားအာရုံဆုံးရှုံးခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ အကြားအာရုံဆုံးရှုံးခြင်းက ကမ္ဘာတဝှမ်းမှ ဆယ်ကျော်သက်လူငယ်တွေနဲ့ အရွယ်ရောက်ပြီးသားလူငယ်တွေကြားမှာ အဖြစ်များလျက်ရှိပါတယ်။ ဒါကြောင့် နားကြပ်နဲ့ သီချင်းနားထောင်ခြင်းကြောင့် အကြားအာရုံဆုံးရှုံးမှုမဖြစ်အောင် လုပ်ဆောင်သင့်တဲ့ အရာတွေကို ဖော်ပြပေးချင်ပါတယ်။

တစ်နေ့ကို မိနစ် (၆၀) ထက်ပိုပြီး သီချင်း နားမထောင်ပါနဲ့

လူတိုင်းက သီချင်းနားထောင်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမဲ့ တစ်နေ့လုံး သီချင်းနားထောင်ဖို့တော့ မဖြစ်နိုင်ပါဘူး။ အကြားအာရုံဆုံးရှုံးမှုတွေမဖြစ်အောင် သင့်ရဲ့နားတွေကို အနားပေးလိုက်ပါ။ တစ်နေ့ကို မိနစ် (၆၀) ထက်ပိုပြီး သီချင်းနားမထောင်ပါနဲ့။ သင့်ရဲ့နားကျန်းမာရေးကလည်း အရေးကြီးလှပါတယ်။

ပတ်ဝန်းကျင်က ဆူညံမှုတွေကို ဟန့်တားပေးတဲ့နားကြပ်ကို ဝယ်ယူပါ

ရိုးရိုးနားကျပ်တွေကို ဝယ်ယူတာထက် သင့်နားကျန်းမာရေးအတွက် ငွေ နည်းနည်းပိုသုံးလိုက်ပါ။ ပတ်ဝန်းကျင်က ဆူညံသံတွေကို ဟန့်တားပေးတဲ့ နားကြပ်တွေကို ဝယ်ယူပါ။ ဒီနားကြပ်တွေက သီချင်းသံကို ကြည်ကြည်လင်လင်ကြားရပါတယ်။ သီချင်းသံ ရှင်းရှင်းလင်းလင်းကြားရတာကြောင့် အသံvolumeကို မြှင့်စရာလည်း မလိုတော့ပါဘူး။ အဲဒီနားကြပ်က ပတ်ဝန်းကျင်ရဲ့ဆူညံသံကို ဟန့်တာပေးတာကြောင့် အပြင်တွေပါတွေသွားတဲ့အခါ သီချင်းနားထောင်တာကိုပဲ အာရုံစိုက်မနေဘဲ ပတ်ဝန်းကျင်ကိုလည်း စူးစမ်းကြည့်ပေးပါ။

အသံ volume ကို (၆၀) ရာခိုင်နှုန်းအောက်ထားပြီး သီချင်းနားထောင်ပါ

အသံအမြှင့်ဆုံးထားပြီး သီချင်းနားထောင်ခြင်းက အရမ်းတိုတောင်းလှတဲ့အချိန်အတောအတွင်းမှာ အကြားအာရုံ ဆုံးရှုံးခြင်းတွေ ဖြစ်နိုင်ပါတယ်။ သီချင်းအသံကို အမြင့်ဆုံး volumeရဲ့ (၆၀) ရာခိုင်နှုန်းအောက်ထားပြီးမှသာ နားထောင်သင့်ပါတယ်။

ဆူညံတဲ့ပတ်ဝန်းကျင်မှာ နားကြပ်အသုံးပြုပြီး သီချင်းနားထောင်ခြင်းကို ရှောင်ပါ

ဆူညံတဲ့နေရာတွေမှာ သီချင်းနားထောင်ဖြစ်တဲ့အခါ အသံvolumeကို မြှင့်ပစ်တတ်ကြပါတယ်။ ဒါက သင့်ကို အကြားအာရုံဆုံးရှုံးမှုဖြစ်နိုင်ချေ မြင့်မားလာနိုင်ပါတယ်။ သီချင်းကို ကောင်းကောင်းနားဆင်နိုင်ဖို့အတွက် ဆူညံမှုတွေ ငြိမ်သက်သွားတဲ့နေရာရောက်မှာသာ အေးဆေးနားထောင်ကြည့်ပါ။

ကဲ…စာဖတ်ပရိသတ်တွေလည်း သီချင်းကို နားကြပ်နဲ့ အကြာကြီးနားမထောင်ကြနဲ့ဦးနော်..။

Ref: TOI “Ways to prevent hearing loss while listening to your favourite music”

Team (ရိုးရာလေး)