နေ့တိုင်း ဆားရည်နဲ့ ပလုတ်ကျင်းပါ

ကျွန်တော်တို့ လည်ချောင်းနာတာ၊ သွားဖုံးသွေးထွက်တာတွေ ခံစားရတဲ့အခါ ဆားရည်နဲ့ ပလုတ်ကျင်းဖို့ မကြာခဏ အကြံပေးခံရမယ်ထင်ပါတယ်။ ဒီနည်းက ဈေးလည်းမကြီး၊ လွယ်လည်းလွယ်ကူတဲ့အပြင် အိမ်မှာ လုပ်လို့ရတဲ့ နည်းလမ်းလည်းဖြစ်ပါတယ်။ ဘယ်လိုဆိုကျိုးမှ မရှိတာကလည်း အဲဒါရဲ့အားသာချက်ပါပဲ။ ကျန်းမာရေး ပြဿနာအသေးအမွှားတွေကို ကုသတဲ့နေရာမှာ ကူညီပေးနိုင်တဲ့ ဆားရည်နဲ့ ပလုတ်ကျင်းတာကို အကြံပြုထားတဲ့ သုတေသနပြုချက်တွေရှိပါတယ်။ ဒါကြောင့် နေ့တိုင်း ဆားရည်နဲ့ ပလုတ်ကျင်းတာရဲ့ အကျိုးကျေးဇူးတချို့ကို သိရှိစေဖို့အတွက် ပြောပြပေးလိုက်ရပါတယ်။

pH ပမာဏကို ထိန်းညှိပေးခြင်း

ဆားရည်နဲ့ပလုတ်ကျင်းတာဟာ ဘတ်တီးရီးယားက ထုတ်လွှတ်လိုက်တဲ့ လည်ချောင်းမှာ ရှိတဲ့အက်ဆစ်တွေကို လျော့ပါးစေဖို့ ကူညီပေးပါတယ်။ ခံတွင်းမှာ မလိုအပ်တဲ့ဘတ်တီးရီးယားတွေ ကြီးထွားမလာအောင် ကာကွယ်ပေးတဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ pH ပမာဏကို ထိန်းညှိပေးပါတယ်။

နှာပိတ်ခြင်းကို ဖယ်ရှားပေးခြင်း

ဆားရည်နဲ့ ပလုတ်ကျင်းတာကလည်း အသက်ရှုလမ်းကြောင်းနဲ့ နှာခေါင်းပေါက်တွေမှာ ဖြစ်တတ်တဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးပါတယ်။ ဒါက နီမြန်းခြင်းတွေကို လျော့ချပေးသလို လည်ချောင်းနာကျင်မှုကို ပြေလျော့စေပါတယ်။ ဒါတင်မကသေးပါဘူး။ နှာပိတ်တာတွေ ဖြစ်လာစေတဲ့ ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ် တွေကိုလည်း ဖယ်ထုတ်ပေးပါတယ်။

အာသီးရောင်ခြင်းကို သက်သာစေခြင်း

ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်ကူးစက်တာတွေကြောင့် အာသီးရောင်ခြင်းတွေ အဖြစ်များကြပါတယ်။ အာသီးရောင်တာက အစားအစာ မျိုချတဲ့အခါမှာ တော်တော်လေး နာကျင်ပါတယ်။ ဆားရည်နဲ့ ပလုတ်ကျင်းမယ် ဆိုရင် နာကျင်တာတွေကို ပြေလျော့စေသလို အဲဒီလိုဖြစ်တာကို ဖယ်ရှားပေးနိုင်ပါတယ်။

ခံတွင်းအနံ့ဆိုးတွေကို ဖယ်ရှားပေးခြင်း

ခံတွင်းအနံ့ဆိုးကြောင့် စိတ်ညစ်နေတယ်ဆိုရင် ဆားရည်နဲ့ ပလုတ်ကျင်းတာက အဲဒါကို ဖယ်ရှားပေးဖို့အတွက် ထိရောက်တဲ့နည်းတစ်နည်းဖြစ်နိုင်ပါတယ်။ အနံ့ဆိုးတွေ ဖြစ်လာစေတဲ့ ခံတွင်းအတွင်းက ဘတ်တီးရီးယားတွေကို ဖယ်ထုတ်ပေးနိုင်ပါတယ်။

သွားနာခြင်းနဲ့ သွားဖုံးသွေးထွက်ခြင်းတွေကို သက်သာစေခြင်း

ဒီနည်းလမ်းက သွားဖုံးရောင်တာ၊ သွေးထွက်တာတွေကို သက်သာစေပါတယ်။ သွားဖုံးရောင်တာ၊ သွေးထွက်တာ တွေက ဘတ်တီးရီးယားကြောင့် ဖြစ်လာတဲ့ သွားဖုံးရောဂါရဲ့ ပထမဆုံးလက္ခဏာရပ်ဖြစ်ပါတယ်။ ဆားရည်နဲ့ ပလုတ်ကျင်းလိုက်မယ်ဆိုရင် ရောင်ရမ်းတာကို လျော့နည်းစေပြီး ဘတ်တီးရီးယားတွေကို တိုက်ဖျက်ပေးပါတယ်။ သွားနာတဲ့သူတွေအတွက်လည်း အဆင်ပြေတဲ့နည်းဖြစ်ပါတယ်။

ပါးစပ်အပူကန်ခြင်းကို ကုသပေးခြင်း

ပါးစပ်အပူကန်ခြင်းထက် ပိုပြီး နာကျင်တာ မရှိတော့ပါဘူး။ အစားအစာဖို့ ခက်ခဲသလို ရေသောက်ရင်တောင် နာကျင်ရပါတယ်။ ဆားရည်က နာကျင်တာတွေကို ပြေလျော့စေနိုင်တဲ့အပြင် ပျောက်ကင်းအောင်လည်း ကုသပေးနိုင်ပါတယ်။

ဆားရည်နဲ့ ဘယ်လို ပလုတ်ကျင်းမလဲ

ရေနွေးနွေးလေး တစ်ခွက်ထဲကို ဆား (လက်ဖက်ရည်ဇွန်း တစ်ဝက်) ကိုထည့်လိုက်ပြီး လုံးဝ ပျော်ဝင်သွားတဲ့အထိ မွှေလိုက်ပါ

ဆားရည်ကို ပါးစပ်ထဲ ငုံထားလိုက်ပါ

ခေါင်းကို မော့ချလိုက်ပြီး စက္ကန့် (၃၀) လောက် လည်ချောင်းမှာ ဆားရည်ကို ပလုတ်ကျင်းလိုက်ပါ။ အဲဒီနောက် ထွေးထုတ်လိုက်ပါ။

ခွက်တစ်ခွက်လုံး ကုန်တဲ့အထိ အဲဒီနည်းကို လုပ်ဆောင်လိုက်ပါ။

Ref: TOI “Here is why you should gargle with salt water every day”

Team (ရိုးရာလေး)