ထိုင်းနိုင်ငံ၌ပြုလုပ်နေသည့် “Cobra Gold” စစ်ရေးလေ့ကျင့်မှု၌ အမေရိကန်စစ်သားတစ်ဦးသေဆုံး

ထိုင်းနိုင်ငံ၌ကျင်းပပြုလုပ်နေသည့် “Cobra Gold” စစ်ရေးလေ့ကျင့်မှု၌ ပါဝင်နေသည့်အမေရိကန်စစ်သား တစ်ဦးသည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ စစ်ရေးလေ့ကျင့်ရေးစခန်းမှ ရေချိုးခန်းအတွင်း၌သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါစစ်သားသေဆုံးနေသည့် အမှတ် (၃၁) ခြေလျင်တပ်ရင်းသို့ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ ၎င်း၏ခေါင်း၌ဒဏ်ရာရထားသည်ကိုတွေ့ရှိရသည်ဟုဆိုသည်။သေဆုံးသူသည်မည်သူမည်ဝါဖြစ်သည်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို တာဝန်ရှိသူများက မပြောကြားဘဲသေဆုံးရသည့် အကြောင်းနှင့် ပတ်သက်၍ သံသယဖြစ်စရာများကိုပါထုတ်ဖော်ပြောကြားခြင်းမပြုခဲ့ပေ။

ထိုင်းမီဒီယာများကမူ အဆိုပါစစ်သားသည် ရေချိုးခန်းအတွင်းလဲကျကာ ဦးခေါင်းကွဲသေဆုံးခြင်းမျိုး ဖြစ်နိုင်သည်ဟု  ဖော်ပြကြသော်လည်း အတည်ပြုနိုင်ရန်ရင်ခွဲစစ်ဆေးမှုရလဒ်အားစောင့်ဆိုင်းနေဆဲဖြစ်သည်ဟုဆိုသည်။

“Cobra Gold” စစ်ရေးလေ့ကျင့်မှုသည် နိုင်ငံပေါင်း ၃၀ ကျော်မှတပ်ဖွဲ့များပါဝင်သည့် အာရှ၏အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးတစ်ခုလည်းဖြစ်သည်။ ၄၂ ကြိမ်မြောက်ယခုစစ်ရေးလေ့ကျင့်မှုအား အင်္ဂါနေ့ကစတင်ခဲ့ပြီး မတ်လ ၁၀ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

ယခုနှစ်စစ်ရေးလေ့ကျင့်မှု၌ အမေရိကန်တပ်ဖွဲ့ဝင် ၆,၀၀၀ ကျော်ပါဝင်ခဲ့ပြီး ထိုင်းတပ်ဖွဲ့ဝင် ၃,၀၀၀ ကျော် ပါဝင်သည်ဟုလည်းသိရသည်။ အမေရိကသည် ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း တပ်ဖွဲ့ဝင်ပါဝင်မှုအား တိုးမြှင့်လိုက်ကာ တရုတ်၏ အင်အားကြီးမားလာမှုအတွင်း ထိုင်းနိုင်ငံနှင့် ခိုင်မာသောမဟာမိတ်ဆက်ဆံရေး ထူထောင်လိုခြင်းမျိုးလည်းဖြစ်နိုင်သည်ဟုဆိုသည်။

Source : The Thaiger