မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပမည်
မြန်မာ့ကျောက်မျက်ရတနာပြပွဲကို လာမယ့် မတ် ၁၇ ရက်ကနေ ၂၃ ရက်အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမမှာ ကျင်းပသွားမယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကနေ သိရပါတယ်။ အဲဒီ ကျောက်မျက်ရတနာပြပွဲမှာတော့ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပုလဲ၊ ကျောက်မျက်နဲ့ ကျောက်စိမ်း အတွဲတွေကို တင်ပြရောင်းချသွားမယ်လို့ သိရပါတယ်။
ကျောက်မျက် ရတနာပြပွဲကိုတော့ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနဲ့ အညီ ခွင့်ပြုမိန့်ရယူပြီး ကျောက်မျက် ရတနာတွေ တူးဖော်ထုတ်လုပ်တဲ့လုပ်ငန်းဆောင်ရွက်နေတဲ့ နိုင်ငံသား ကျောက်မျက်ရတနာ လုပ်ငန်းရှင်တွေ လိုင်စင်ရယူပြီး ကျောက်မျက်ရတနာ ရောင်းဝယ်တဲ့ လုပ်ငန်းဆောင်ရွက်နေတဲ့ နိုင်ငံသား ကျောက်မျက်ရတနာ လုပ်ငန်းရှင်တွေကို သတ်မှတ်ချက်တွေနဲ့ အညီ တက်ရောက်ဝယ်ယူခွင့် ပြုမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ မြန်မာ့ကျောက်မျက်ရတနာပြပွဲကိုတော့ ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်ကနေ ၂၈ ရက်အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမမှာ ကျင်းပခဲ့ပြီး ပုလဲအတွဲ ၃၃၀၊ ကျောက်မျက်အတွဲ ၅၄ တွဲ နဲ့ ကျောက်စိမ်းအတွဲ ၁၃၃၅ တွဲ ရောင်းချနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။