မြန်မာ-အိန္ဒိယနှစ်နိုင်ငံအတွက်အရေးကြီးသည့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း

ရခိုင်ပြည်နယ်၊စစ်တွေမြို့၌ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ မဟာဗျူဟာအရအရေးပါသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းအား အကောင်အထည်ဖော်လျက်ရှိသည်။

အဆိုပါ စီမံကိန်းအကောင် အထည်ဖော်နေမှုအား နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဖေဖော်ဝါရီ ၂၇ ရက်နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက စီမံကိန်းနှင့်ပတ်သက်သည်များအား ရှင်းလင်းတင်ပြခဲ့သည်။

“အခုစီမံကိန်းက မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကူးလူးဆက်သွယ်မှု၊ကုန်သွယ်မှုကို ပိုမိုတိုးမြှင့်လာစေနိုင်သလို နှစ်နိုင်ငံလုံးအတွက် မဟာဗျူဟာအရ အရေးကြီးတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း လုပ်ငန်းခွင် အတွင်း ကြည့်ရှုစစ်ဆေးရာ စစ်တွေမြို့ဆိုင်ရာ အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ် Mr. Bibekananda Bhattamishra နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းပြီးစီးပါက မြန်မာ -အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှုအခွင့်အလမ်းပိုမိုရရှိစေခြင်း၊အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများပေါ် ပေါက်လာပြီး အိန္ဒိယနိုင်ငံအပြင် အခြားနိုင်ငံများနှင့်ပါ တိုက်ရိုက်ကုန်သွယ်နိုင်ခြင်း၊ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေခြင်း၊ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေခြင်း၊ ဒေသခံများအနေဖြင့် ရေကြောင်းသွားလာမှုကို အခြေခံသည့် ကမ္ဘာလှည့်ခရီးသွား များနှင့် ပတ်သက်သော အခွင့်အလမ်းများရရှိလာနိုင်ခြင်း အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။