ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရန်ကုန်တိုင်းဒေသကြီး လူငယ်ထုတွေ့ဆုံပွဲသို့ တက်ရောက်

ဖေဖော်ဝါရီ ၂၅၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ပါတီဌာနချုပ်မှ ဗဟိုအလုပ်အမှုဆောင်များနှင့်အတူ ၂၅-၂-၂၀၂၃ ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် MCC ခန်းမ၌ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူငယ်ထု (၃၂၂၆)ဦး နှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုကာ နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။ ပြောကြားရာတွင် ” မြန်မာ့နိုင်ငံရေးသမိုင်းကြောင်း၊ ယနေ့ခတ် လူငယ်များ၏ လိုအပ်ချက်၊ နိုင်ငံတစ်နိုင်ငံအတွက် ရွေးကောက်ပွဲ အရေးပါပုံများအား ” ပြောကြားခဲ့ပါသည်။ ၎င်းနောက် ” ပြည်ခိုင်ဖြိုးပါတီသည် လက်ရှိ  ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသော အချက်များနှင့်အညီ စောလျင်စွာမှတ်ပုံတင်လိုက်ပြီးဖြစ်သည့် ပါတီတစ်ခုဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး၌ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဖြစ်ကြောင်း၊ မဲပေးရွေးချယ်ရာတွင် နိုင်ငံနှင့် ပြည်သူလူထုအကျိုးအတွက် အမှန်တစ်ကယ် ဆောင်ရွက်ပေးနိုင်သည့် ပုဂ္ဂိုလ်၊ ပါတီကို သေချာစဉ်းစားပြီး ရွေးချယ်မဲပေးဖို့လိုကြောင်း ” ထည့်သွင်းပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသော လူငယ်များမှ ၎င်းတို့သိရှိလိုသည့် ” လူငယ်နှင့် နည်းပညာဖွံ့ဖြိုးမှု၊ လူငယ်နှင့် ကလေးသူငယ်၊ မူးယစ်ဆေးဝါး၊ လောင်းကစားအန္တရာယ်၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် ခေတ်သစ်ဥပဒေ၊ လူငယ်နှင့် အနာဂတ်နိုင်ငံရေး၊ လူငယ်နှင့် ပညာသင်ခွင့်ဆိုင်ရာအခွင့်အလမ်း၊ လူငယ်နှင့် တောင်သူလယ်သမား ကဏ္ဍ၊ လူငယ်နှင့် အလုပ်သမားကဏ္ဍ၊ လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍဆိုင်ရာ ” များအား မေးမြန်းခဲ့ကြရာ ပါတီဥက္ကဋ္ဌမှ  ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နေ့လည် (၁)နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။