မဲစာရင်းမှန်ကန်မှုရှိစေရန် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ပြန်လည်ကောက်ယူမည်

ကျင်းပမည့်ရွေးကောက်ပွဲ၌ မဲစာရင်းမှန်ကန်မှုရှိစေရန် သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၂၃ ရက်မွန်းလွဲပိုင်းကကျင်းပသည့် နစကအစည်းအဝေး (၂/၂၀၂၃)တွင် အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မဲစာရင်းသည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှဆောင်ရွက်သည့် မဲပေးပိုင်ခွင့်ရှိသူစာရင်း၊ ရွေးကောက်ပွဲကော်မရှင်မှဆောင်ရွက်သည့် မဲစာရင်းနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် မဲစာရင်းများ ရှိသည်ဟု ဆိုသည်။

“လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကကောက်ယူတဲ့ လူဦးရေသန်းခေါင်စာရင်းက အခြေခံစာရင်း ဖြစ်တာကြောင့် ပိုပြီးတိကျမှန်ကန်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အနည်းဆုံး ၁၀ နှစ်တစ်ကြိမ်သန်းခေါင်စာရင်း ကောက်ယူခြင်းသည် မဖြစ်မနေဆောင်ရွက်သင့်သည့် နိုင်ငံတကာ စံနှုန်းဖြစ်ကာ ၂၀၁၉ ခုနှစ်တွင် ခန့်မှန်းလူဦးရေတွက်ချက်မှု အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့ခြင်းဖြစ်၍ ဆယ်နှစ်နီးပါးကြာမြင့်ပြီဖြစ်ကာ အချို့အချက်များအား ပြန်လည်အတည်ပြုရန် လိုအပ်သည် ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဟု ဆိုသည်။

“၂၀၂၀/၂၀၂၁/၂၀၂၂ ခုနှစ်တွေမှာ ကိုဗစ်(၁၉) ရောဂါကြောင့် သွားလာမှုခက်ခဲတာနဲ့သေဆုံးမှုတွေ၊ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေ၊ နိုင်ငံရေးပဋိပက္ခတွေကြောင့် ကိန်းဂဏန်း အချက်အလက်တွေ တိကျမှန်ကန်မှုရှိဖို့ အားနည်းနေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် စာရင်းဇယားအချက်အလက်များမှန်ကန်စေရန် ပြည်လုံးကျွတ်သန်းခေါင်စာရင်းအား ပြန်လည် ကောက်ယူရန် လိုအပ်ပြီး သို့မှသာ မဲစာရင်းများကို မှန်ကန်အောင်ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။

ရွေးကောက်ပွဲကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရန် နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိရေးသည် အဓိကလိုအပ်ပြီး တည်ငြိမ်အေးချမ်းမှုရှိကာ ဖိအားကင်းစွာ မဲပေးနိုင်မှသာ လွတ်လပ်၍ တရားမျှတသည့် စစ်မှန်သောရွေးကောက်ပွဲဖြစ်လာမည်ဟု ဆိုသည်။

“၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ တချို့ နယ်မြေတွေမှာ ခြိမ်းခြောက်မှုတွေရှိတာကြောင့် မဲရလဒ်တွေပြောင်းလဲသွားတာကိုတွေ့ရှိရပါတယ်။ အဲ့လို ဖိအားပေးမှုနဲ့ခြိမ်းခြောက်မှုတွေမရှိအောင် ဆောင်ရွက်နိုင် မှသာ မဲရလဒ်တွေမှန်ကန်မှာပါ။ ဒါ့ကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုအခြေခံတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဆောင်ရွက်နေခြင်းဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးရာတွင် ၎င်းတို့၏လိုလားချက်များ၊ဖြစ်ချင်သည်များကို နိုင်ငံတော်အတွက် ဖြစ်သင့်ဖြစ်ထိုက်သည်များနှင့်ချိန်ထိုး၍ အကောင်းဆုံးဖြစ်စေရန် တပ်မတော်မှ ဆွေးနွေး ဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည်နိုင်ငံရေးအရအမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားများ အနေဖြင့် မိမိတို့ဒေသ၏ အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ရန် နိုင်ငံရေးစင်မြင့် လွှတ်တော်တွင် ပိုမိုပါဝင်နိုင်ရမည်ဖြစ်၍ နိုင်ငံရေးပါတီများအတွက် လုံလောက်သည့်အချိန်တစ်ခု ပေးရန် လိုအပ်နေသေးသည်ဟု ဆိုသည်။