MNL ပွဲစဉ်များကို SKY NET မှ တိုက်ရိုက်ပြသမည်

၂၀၂၃ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ဘောလုံးပွဲစဉ်တွေကို SKY NET ရုပ်သံလိုင်းကနေ Host Broadcaster အဖြစ် တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

အဲဒီဘောလုံးပြုင်ပွဲ ထုတ်လွှင့်ပြသမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ ဖေဖော်ဝါရီ ၁၈ ရက်က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

မြန်မာနေရှင်နယ်လိဂ် ဘောလုံးပွဲစဉ်တွေကိုတော့ SKY NET ရုပ်သံလိုင်းကနေ တစ်ဦးတည်း မူပိုင်ခွင့်နဲ့ တစ်ပတ်ကို ဘောလုံးပွဲ နှစ်ပွဲ ဒါမှမဟုတ် သုံးပွဲ တိုက်ရိုက်ရိုက်ကူး ထုတ်လွှင့် ပြသသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အခုနှစ် MNL တစ်ရာသီလုံးမှာ မြန်မာနေရှင်နယ်လိဂ်ပွဲ ၁၃၂ ပွဲ ရှိတဲ့အနက် ၅၅ ပွဲကို တိုက်ရိုက်ပြသသွားမှာဖြစ်တယ် လို့လည်း သိရပါတယ်။ အဲ့ဒီပွဲစဉ်တွေကို Free to Air ရုပ်သံလိုင်းတွေဖြစ်တဲ့ Channel 9 ၊ MNTV ချန်နယ်တွေ နဲ့ SKY NET DTH ရုပ်သံလိုင်း ကတော့ SKY NET Sports 4 ကနေ ပြသသွားမယ်လို့လည်း သိရပါတယ်။

အခုနှစ်ပြိုင်ပွဲမှာ လူငယ်ကစားသမားတွေ နေရာပိုရဖို့အတွက် အသင်းတစ်သင်းမှာ အသက် ၂၂အောက် ကစားသမား အနည်းဆုံးသုံးယောက် ပါဝင်ဖို့ သတ်မှတ်ထားတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ မီဒီယာတာဝန်ခံ ဦးစိုးမိုးက ပြောပါတယ်။