ဖီးနစ်အိုးပင်း ဂေါ့ဖ်ပြိုင်ပွဲတွင် စကော့တီရှက်ဖလာ နှစ်နှစ်ဆက်အနိုင်ရပြီး ကမ္ဘာ့အဆင့် ၁ နေရာ ပြန်လည် လွှဲပြောင်းရယူ

PGA Tour ပွဲစဉ်တစ်ခုဖြစ်သည့် ဖီးနစ်အိုးပင်းဂေါ့ဖ်ပြိုင်ပွဲတွင် အမေရိကန်ကစားသမား စကော့တီရှက်ဖလာ နှစ်နှစ်ဆက် အနိုင်ရပြီး ကမ္ဘာ့အဆင့် ၁ နေရာကိုပါ ပြန်လည်လွှဲပြောင်းရယူနိုင်ခဲ့ကြောင်း သိရသည်။

ဖီးနစ်အိုးပင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၉ ရက်မှ ၁၂ ရက်အထိ အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်၊ စကော့ဒေးလ်မြို့ရှိ TPC Scottsdale ဂေါ့ဖ်ကွင်း၌ ကျင်းပခဲ့ပြီး စကော့တီရှက်ဖလာက ဒုတိယနေရာမှ ကစားသမားထက် လျှော့ရိုက်ချက် နှစ်ချက်အသာဖြင့် ဗိုလ်စွဲခဲ့သည်။

စကော့တီရှက်ဖလာသည် ပြိုင်ပွဲတစ်လျှောက်လုံး ရိုက်ချက်ကောင်းမွန်ခဲ့ပြီး ပထမနေ့တွင် သတ်မှတ်ရိုက်ချက်(၇၁ ချက်)ထက် သုံးချက်လျော့၊ ဒုတိယနေ့တွင် ခုနစ်ချက်လျော့၊ တတိယနေ့တွင် သုံးချက် လျော့နှင့် နောက်ဆုံးနေ့တွင် ခြောက်ချက် လျော့ရိုက်ကာ စုစုပေါင်းရိုက်ချက် ၂၆၅ ချက်၊ လျှော့ရိုက်ချက် ၁၉ ချက်ဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

အသက် ၂၆ နှစ်ရှိပြီဖြစ်သူ စကော့တီရှက်ဖလာသည် ဖီးနစ်အိုးပင်းတွင် နှစ်ကြိမ်ဆက်တိုက် ဗိုလ်စွဲခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာနောက်ပိုင်း ကမ္ဘာ့အဆင့် ၁ နေရာကို တစ်ကျော့ပြန်ရယူနိုင်ခဲ့သည်။

■ ကမ္ဘာ့အဆင့် ထိပ်ဆုံးငါးဦး

အမည်                          နိုင်ငံ                             ပျမ်းမျှရမှတ်

စကော့တီရှက်ဖလာ        အမေရိကန်                    ၉.၁၈၀၉

မက်အီရွိုင်း                    မြောက်အိုင်ယာလန်       ၈.၆၇၀၈

ဂျွန်ရမ်                           စပိန်                             ၈.၃၆၂၉

ကင်မရွန်းစမစ်                           သြစတြေးလျ                 ၆.၇၅၈၀

ပက်ထရစ်ကန့်လေ        အမေရိကန်                    ၆.၅၇၈၉