လစာတိုးပေးရန် ဂျာမနီတွင် အလုပ်သမားသမဂ္ဂနှင့် စာတိုက်အလုပ်သမားများ ဆန္ဒပြ

ဂျာမနီနိုင်ငံမှာ မြင့်မားတဲ့ ငွေကြေးဖောင်းပွမှုရဲ့ သက်ရောက်မှုကို ထေမိစေဖို့ လစာတိုးပေးဖို့ တောင်းဆိုကြတဲ့ အလုပ်သမားသမဂ္ဂတွေနဲ့အတူ စာတိုက်အလုပ်သမားတွေရဲ့ သပိတ်ဒုတိယနေ့ကို ဆက်လုပ်နေတာကြောင့် နိုင်ငံတဝန်း သန်းနဲ့ချီတဲ့ စာတွေနဲ့ ပါဆယ်ထုပ်တွေပေးပို့မှု ရပ်တန့် နှောင့်နှေးနေရပါတယ်။

ဂျာမန်ဝန်ဆောင်မှုကဏ္ဍ အလုပ်သမားသမဂ္ဂ Verdi ရဲ့ ဖေဖော်ဝါရီ ၆ ရက်မှာ တောင်းဆိုမှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၂ ရက်ကြာ ဆန္ဒပြမှုမှာ စာတိုက်လုပ်သားတွေလည်း ပါဝင်ဆန္ဒပြခဲ့တာပါ။

Verdi ရဲ့ အဆိုအရ စာတိုက်လုပ်ငန်းမှ ဝန်ထမ်း ၁၅၀၀၀ နီးပါးဟာ အင်္ဂါနေ့မှာ ဂျာမနီနိုင်ငံတဝန်းရှိ မြို့တွေမှာ လမ်းတွေပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။

ဘာလင်မြို့ရဲ့ လမ်းမတွေပေါ်မှာ ဖေဖော်ဝါရီ ၇ ရက်က ဆန္ဒပြခဲ့ကြသူ အများအပြားက သူတို့ရဲ့ တောင်းဆိုချက်တွေဟာ လက်ရှိ စီးပွားရေးအခြေအနေနဲ့ ကိုက်ညီတာကြောင့် မျှတတယ်လို့ ယုံကြည်ကြပါတယ်။

“ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းတွေ အရမ်းတက်လာတာကြောင့် လစာ ၁၅ ရာခိုင်နှုန်း တိုးပေးဖို့ လိုအပ်ချက်က ဆီလျော်ပါတယ်”လို့ စာတိုက်ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

Verdi အလုပ်သမားသမဂ္ဂဟာ စာတိုက်ဝန်ထမ်း ၁၆၀,၀၀၀ လောက်အတွက် လုပ်ခလစာ တိုးပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။

သပိတ်မှောက်မှုကြောင့် စာ အစောင်ရေ ၅ သန်းကျော်နဲ့ ပါဆယ်ထုပ် ၁ သန်းကျော်ကို ပေးပို့ဖို့ နှောင့်နှေးခဲ့ပြီး အရင်မျှော်လင့်ထားတာထက် အများကြီးပိုကျော်လွန်သွားတယ်လို့ နိုင်ငံရဲ့ စာပို့လုပ်ငန်းက ပြောပါတယ်။

သပိတ်မှောက်ပြီးနောက်မှာ Verdi သမဂ္ဂဟာ ဂျာမန်စာတိုက်ဌာနနဲ့ တတိယအကြိမ် လစာညှိနှိုင်းမှုကို ဖေဖော်ဝါရီ ၈ ရက်မှာ စတင်မှာဖြစ်ပြီး စာတိုက်ဝန်ထမ်းတွေအနေနဲ့ သူတို့ ရထိုက်တယ်လို့ ခံစားရတဲ့ လစာမျိုး ရအောင် မျှော်လင့်နေပါတယ်။